Sunday, 19 May 2013
Home MNL Articles

Articles - Myanmar National League
မြန်မာပြည် ဒါဘီပွဲမှာ အနိုင်ရမှာက ရန်ကုန်လား၊ မန္တလေးလား PDF Print E-mail
Written by Admin Team   
Saturday, 11 May 2013 06:57

ပြည်နယ်နှင့်တိုင်း ပြိုင်ပွဲတွေ ကတည်းက ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ရန်ကုန်နဲ့ မန္တလေး ထိပ်တိုက်တွေ့ဆုံမှုတွေ ကနေ အသွင်းပြောင်းလာခဲ့တဲ့ ရန်ကုန်နဲ့ ရတနာပုံတို့ရဲ့ ပွဲကို မြန်မာနေရှင်နယ်လိဂ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲရယ်လို့ ပရိသတ်တွေက ညွှန်းဆိုကြပါတယ်။ ကွင်းအတွင်း ပြိုင်ဆိုင်မှုတွေ အပြင် ကွင်းပြင်က ပရိသတ်တွေရဲ့ ပြိုင်ဆိုင်မှုတွေ ကြောင့်ပါ ရန်ကုန်-ရတနာပုံ ပွဲဆိုရင် အခြားအသင်း ပရိသတ်တွေကပါ မျက်စောင်းထိုး ကြည့်ရတဲ့ အထိဖြစ်စေခဲ့တဲ့ ပွဲတွေ ဖြစ်ပါတယ်။ လာမယ့် စနေနေ့ဆိုရင် ရန်ကုန်နဲ့ ရတနာပုံတို့ဟာ သမိုင်းတစ်လျှောက်မှာ (၁၁)ကြိမ်မြောက် တွေ့ဆုံမှု အဖြစ် သုဝဏ္ဏကွင်းကြီးမှာ ရင်ဆိုင်ကြပါတော့မယ်။

 
ရာသီဝက် ချန်ပီယံလုပွဲနဲ့ ပရိသတ်ကို ဖမ်းစားဦးမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၁) PDF Print E-mail
Written by Admin Team   
Friday, 10 May 2013 07:58

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီးဟာ လာမယ့် ပွဲစဉ်(၁၁)မှာ တစ်ဝက်ကျိုးခဲ့ပြီ ဖြစ်ပါတယ်။ အသင်း(၁၂)သင်း ရှိနေတဲ့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ပွဲစဉ် (၁၀) ယှဉ်ပြိုင်ပြီးတော့ ရာသီဝက် ချန်ပီယံ ဖြစ်ခွင့်ရှိနေတဲ့ အသင်းပေါင်း (၅)သင်းအထိ ရှိနေပါတယ်။ ဒီ(၅)သင်းထဲက အသင်းအချို့က အချင်းချင်း ပြန်တွေ့နေတာကြောင့် ဒီတစ်ပတ် ပွဲတွေ အပြီးမှာတော့ ရာသီဝက် ချန်ပီယံ အသင်းက ပြတ်ပြတ်သားသားနဲ့ ပေါ်ထွက်လာဖို့ ရှိနေပါတယ်။

Last Updated on Friday, 10 May 2013 08:17
 
ရာသီဝက် ကုန်ကာနီးမှာ ဇာတ်ရှိန်မြင့်လာတဲ့ MNL ပွဲစဉ်များ~မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၀) ပွဲကြို သုံးသပ်ချက် PDF Print E-mail
Written by Admin Team   
Saturday, 04 May 2013 09:53

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေကတော့ တဖြည်းဖြည်းနဲ့ ရာသီ တစ်ဝက်ကျိုးဖို့ နီးကပ်လာပါပြီ။ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ ရှိတဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေရဲ့ ထုံးစံအတိုင်း ပွဲစဉ်(၁၀) ရောက်လာတဲ့ အထိ ထိပ်ဆုံးနေရာက အသင်းက ဇယားမငြိမ်သေး ပါဘူး။ ပွဲစဉ်(၈) အပြီးမှာ အမှတ်ပေး ဇယားကို ဦးဆောင်နေခဲ့တဲ့ ကမ္ဘောဇဟာ ပွဲစဉ်(၉) အပြီးမှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဇေယျာရွှေမြေကို ပြန်လွှဲပေးလိုက် ရပါတယ်။ ထိပ်ဆုံး ရောက်နေတဲ့ အသင်းတွေ အတွက် ပွဲကျပ်တွေနဲ့ အမြဲလို စမ်းသပ်လေ့ ရှိတဲ့အတိုင်း ဒီတစ်ပတ်မှာတော့ ထိပ်ဆုံးက ဇေယျာရေမြေဟာ ခြေတက်ပြီး နိုင်ပွဲတွေ ဆက်နေတဲ့ ဧရာဝတီကို အိမ်ကွင်းမှာ ရင်ဆိုင်ရပါတော့မယ်။ ဇေယျာရွှေမြေကပဲ နံပါတ်(၁) နေရာကို အောင်အောင်မြင်မြင်နဲ့ ဆက်ထိန်းပြီး ရာသီဝက် ချန်ပီယံအဖြစ် ရပ်တည်ဖို့ နီးစပ်လာမလား၊ ဧရာဝတီကပဲ အနိုင်ရပြီး ဇယားထိပ်ပိုင်းကို ဆက်တက်သွားမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ..................။

 
ဇယားထိပ်ပိုင်း အပြောင်းအလဲ ရှိနိုင်တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၈) PDF Print E-mail
Written by Admin Team   
Saturday, 06 April 2013 01:31

ပြီးခဲ့တဲ့ အပတ်က မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေ အပြီးမှာ အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ အပြောင်းအလဲ မဖြစ်ခဲ့ပေမယ့် အောက်က ဒုတိယ၊ တတိယ၊ စတုတ္ထနေရာတွေ မှာတော့ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ ကမ္ဘောဇနဲ့ မကွေး အသင်းတွေက ဒုတိယနဲ့ တတိယ နေရာတွေကို အသီးသီး တက်လာခဲ့ပြီး ရန်ကုန်ကတော့ နှစ်ပွဲဆက် ရှုံးခဲ့တဲ့ ဒဏ်ကို ခံရတဲ့ အနေနဲ့ အဆင့်(၄)အထိ ဆင်းပေးခဲ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ရန်ကုန်နဲ့ ဇေယျာရွှေမြေတို့ ပွဲကျပ် ကြုံနေပြီး ကျန်တဲ့ ကမ္ဘောဇနဲ့ ရတနာပုံတို့ ကတော့ ပွဲချောင်နေတာကြောင့် အမှတ်ပေး ဇယားမှာ အပြောင်းအလဲတွေ ထပ်ဖြစ်ဦးမယ့် ပုံပေါ်နေပါတယ်။

 
ထိပ်သီးတွေရဲ့ အပြင်းစား ပြိုင်ဆိုင်မှုများနှင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၇) PDF Print E-mail
Written by Admin Team   
Friday, 29 March 2013 07:29

ယခုတစ်ပတ် ကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၇)မှာတော့ ပရိသတ် အကြိုက်တွေ့မယ့် ပွဲကောင်းတွေ များစွာပါဝင်နေပါတယ်။ တွေ့ဆုံတိုင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ ရှိတဲ့ ဧရာဝတီနဲ့ ရတနာပုံ၊ အကြိတ်အနယ် ပွဲကောင်းတစ်ပွဲ ဖြစ်လေ့ရှိတဲ့ အပြင် အငြင်းပွားမှုတွေပါ ဖြစ်လေ့ရှိတဲ့ ရန်ကုန်နဲ့ ကမ္ဘောဇ၊ အမှတ်ပေးဇယား ဦးဆောင်သူ ဇေယျာရွှေမြေကို စမ်းသပ်မဲ့ မကွေး အသင်းတို့ရဲ့ ပွဲစဉ်တွေက ပရိသတ်တွေကို စိတ်လှုပ်ရှားမှုတွေ တစ်နင့်တစ်ပိုးကြီး ပေးနိုင်ပါလိမ့်မယ်။

Last Updated on Friday, 29 March 2013 07:50
 
ရင်ခုန်မှု အပြည့်ပေးဦးမယ့် တောင်ပေါ်မြေက စီးချင်းတိုက်ပွဲ (မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်-၆ ပွဲကြို သုံးသပ်ချက်) PDF Print E-mail
Written by Admin Team   
Wednesday, 20 March 2013 15:49

AFC Challenge Cup ကြောင့် တစ်လကျော်ကျော် ရပ်နားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲတွေကို ခုတစ်ပတ်မှာ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ဧရာဝတီ-ရန်ကုန်၊ ကမ္ဘောဇ-ရတနာပုံ၊ မကွေး-ဟံသာဝတီ၊ နေပြည်တော်-မနောမြေ စတဲ့ အကြိတ်အနယ် ပွဲကောင်းတွေ ပါဝင်နေတာမို့ ပရိသတ်တွေ အတွက် ရင်ခုန်မြန်စေဦးမှာ သေချာပါတယ်။

Last Updated on Wednesday, 20 March 2013 16:11
 
အညာဒါဘီနဲ့ ပရိသတ်တွေကို ဆွဲဆောင်ဦးမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅) PDF Print E-mail
Written by Admin Team   
Friday, 08 February 2013 05:40

မြန်မာနေရှင်နယ်လိဂ်ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး ပွဲစဉ်တွေ ထဲက တစ်ခုဖြစ်တဲ့ အညာဒါဘီ ပွဲက ဒီတစ်ပတ် ပွဲစဉ်(၅)မှာ ပါဝင်လာပါတယ်။ ကွင်းတွင်း ခြေစွမ်းတွေသာမက ကွင်းပြင်ပ ဖြစ်ရပ်တွေ ကြောင့်လည်း ဒီပွဲဟာ မြန်မာနေရှင်လိဂ်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲတစ်ပွဲ ဖြစ်နေဆဲပါ။ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဇေယျာရွှေမြေကို ရလဒ်ဆိုးနေတဲ့ ရတနာပုံတို့ ဘယ်လိုဧည့်ခံမလဲ၊ ဇေယျာတို့ အမှတ်လျော့အောင်ပဲ ရတနာပုံ စွမ်းဆောင်နိုင်မလား၊ ရတနာပုံပဲ ရှုံးပွဲဆက်မှာလား၊ ရန်ကုန်ကရော ထိပ်ဆုံးက ဇေယျာ ခြေချော်ခဲ့ရင် အခွင့်ကောင်း ယူနိုင်မလား ဆိုတာကိုတော့ ပွဲစဉ်(၅)မှာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။

Last Updated on Friday, 08 February 2013 16:14
 
၂၀၁၃ မြန်မာ နေရှင်နယ်လိဂ် ဒိုင်ယာရီ~ပွဲစဉ် (၃)၊ (၄) PDF Print E-mail
Written by Admin Team   
Thursday, 31 January 2013 06:28


MNL ပွဲစဉ် (၃)
ဇန် ၁၉၊ ၁၃။

ပွဲစဉ် (၃)၏ ပထမနေ့တွင် ပွဲပေါင်း(၄)ပွဲ ယှဉ်ပြိုင် ကစားခဲ့သည်။ ရလဒ်ကောင်းများ ရနေသည့် ဇေယျာရွှေမြေက ယခုရာသီ ပထမဆုံး အိမ်ကွင်း ပွဲစဉ်အဖြစ် ဆောက်သမ်းကို လက်ခံ ကစားခဲ့သည်။ ကွင်းလုံးပြည့် ပရိသတ်များ ရှေ့မှောက်တွင် အသင်း၏ ဂိုးသွင်းဘုရင် ဆာဆာ၊ အောင်မျိုးလွင် တို့၏ သွင်းဂိုးများဖြင့် အောင်ပွဲခံခဲ့သည်။ (၃)ပွဲဆက် နိုင်ပွဲ ရခဲ့ခြင်း ဖြစ်သလို တနင်္ဂနွေ ပွဲများ မတိုင်မီတွင်လည်း ဇယားထိပ်သို့ တက်ရောက်နိုင်ခဲ့သည်။ ကမ္ဘောဇကလည်း အိမ်ကွင်းတွင် မနှစ်က နှစ်ကျော့လုံး ရှုံးခဲ့ဖူးသည့် နေပြည်တော်ကို (၂-၀)ဖြင့် ဂိုးပြတ် အနိုင်ရကာ ယခုရာသီအတွက် ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့သည်။ နိုင်ပွဲမရသေးသည့် နေပြည်တော် အနေဖြင့် ယင်းတို့၏ စိတ်ဓါတ်ပိုင်း အသာစီး ရမှုကို အသုံးချရန် ကြိုးပမ်းခဲ့သော်လည်း နောက်ခံလူ ချမ်းချမ်း ထုတ်ပယ်ခံခဲ့ရသဖြင့် အိမ်ရှင် ကမ္ဘောဇကို ယှဉ်ကစားနိုင်ခြင်း မရှိတော့ပဲ ဒုတိယပိုင်း သွင်းဂိုးများကို ခွင့်ပြုခဲ့ရပြီး အရှုံးပေးခဲ့ရသည်။ ကမ္ဘောဇအတွက် စိုးမင်းဦးက (၅၅)မိနစ်တွင် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး (၆၃)မိနစ်တွင် နူးနက်ဇ်က ဒုတိယဂိုးကို ထပ်မံသွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ ထိုနိုင်ပွဲကြောင့် ကမ္ဘောဇ အနေဖြင့် အမှတ်ပေးဇယား အောက်ပိုင်းမှ ရုန်းထွက်နိုင်ခဲ့ပြီး အဆင့်(၄)အထိ တက်ရောက် နိုင်ခဲ့သည်။



ရတနာပုံသည်လည်း ကမ္ဘောဇ နည်းတူ ယခုရာသီအတွက် ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့သည်။ သုဝဏ္ဏကွင်းတွင် ကစားခဲ့သည့် ပွဲတွင် ရတနာပုံက ဟံသာဝတီကို (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အနိုင်ရခဲ့သောကြောင့် ရလဒ်ပိုင်း အနေဖြင့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီဟု သတ်မှတ်နိုင်သော်လည်း အသင်း၏ ခြေစွမ်းပိုင်းတွင်မူ လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်ကို တွေ့ရသည်။ ပိုင်စိုးက အဖွင့်ဂိုးကို လှလှပပ သွင်းယူခဲ့သည်။ ပွဲပြီးရန် (၅)မိနစ် အလိုတွင် ရှေ့ပွဲများ၌ ခြေစွမ်းမပြနိုင်၍ ဝေဖန်ခံနေရသည့် တိုက်စစ်မှူး ပေါ်လို ပိုင်မန်တယ်က ဒုတိယဂိုးကို အပြင်းကန်သွင်းခဲ့သည်။ သို့သော် ထိုအရာ အားလုံးထက် ထိုပွဲတွင် ပို၍ အသိအမှတ် ပြုရမည်က ဂိုးသမား သီဟစည်သူ၏ လက်စွမ်းပင် ဖြစ်သည်။ ဧရာဝတီကို သူ၏ အစွမ်းသက်သက်ဖြင့် ရှုံးထွက်ဖလား ယူပေးခဲ့သော သီဟစည်သူသည် ရှေ့ပွဲများတွင် ပျောက်ဆုံးနေခဲ့သည့် သူ၏ ပုံမှန်လက်စွမ်းကို ယခုပွဲတွင် ပြန်လည် ရရှိခဲ့ပြီး ဟံသာဝတီ၏ အပိုင်ကန်သွင်းမှု (၅)ကြိမ်ခန့်ကို အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့သည်။ ပွဲအပြီးတွင် နည်းပြချုပ် ဘောရစ်က ထိုနိုင်ပွဲကို သီဟစည်သူ ယူဆောင်ပေးခြင်း ဟုပင် ချီးကျူးခဲ့သည်။ အဖွင့်ပွဲတွင် ရတနာပုံကို သရေ ကစားခဲ့သည့် ရခိုင် ယူနိုက်တက် ကတော့ ဇွဲကပင်ကို ရှုံးနိမ့်ကာ (၂)ပွဲဆက် အရှုံးကို လက်ခံခဲ့ရပြီ ဖြစ်သည်။ ထိုပွဲရလဒ်ကြောင့် ဇွဲကပင် အနေဖြင့် ပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့ပြီး ရခိုင်ယူနိုက်တက်မှာ ရမှတ် (၁)မှတ်ဖြင့် ဇယားအောက်ဆုံးသို့ ရောက်ရှိသွား ခဲ့ပြီဖြစ်သည်။ ဇွဲကပင် အနေဖြင့် ရခိုင် ယူနိုက်တက်ကို အနိုင်ရခဲ့ သောကြောင့် ရခိုင်နှင့် နောက်ဆုံး တွေ့ဆုံသည့် (၃)ကြိမ်လုံးကို အနိုင်ယူနိုင်သည့် မှတ်တမ်းကို ရရှိခဲ့သည်။

MNL ပွဲစဉ် (၃)
ဇန် ၂၀၊ ၁၃။



လက်ကျန် ပွဲများဖြစ်သည့် မနောမြေ-ရန်ကုန်၊ ဧရာဝတီ-မကွေး တို့၏ ပွဲများကို ကျင်းပခဲ့သည်။ တစ်ပြိုင်နက် ကျင်းပခဲ့သည့် ပွဲများတွင် ဧရာဝတီက မကွေးကို နောက်ကျ သွင်းဂိုးများကြောင့် သရေကျခဲ့ပြီး ရန်ကုန်ကလည်း မနောမြေကို အသည်းအသန် ကစားကာ နောက်ကျဂိုး ကြောင့်ပင် အနိုင်ရခဲ့သည်။ ယခုရာသီတွင် ခြေစွမ်းအကောင်းဆုံး ပုံစံတွင် ရှိမနေသေးသည့် ဧရာဝတီအတွက် နောက်ထပ် ကံကောင်းခဲ့သည့် သရေပွဲ တစ်ပွဲဟု ဆိုနိုင်သည်။ ရတနာပုံကို ဗထူးကွင်းတွင် အနိုင်ကစားကာ ခြေစွမ်းရော စိတ်ဓါတ်ပါ တက်နေသည့် မကွေးက ပွဲအစပိုင်းကတည်းက ဦးဆောင်ဂိုး သွင်းကာ ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်း ပြန်စပြီး (၃)မိနစ် အကြာတွင်လည်း မကွေးကပင် ဒုတိယဂိုး ထပ်သွင်းကာ ဦးဆောင်နေခဲ့သည်။ ပွဲချိန် မိနစ် (၈၀)ခန့်သို့ ရောက်ရှိလာချိန် အထိ ဧရာဝတီတို့ ချေပဂိုးပင် မရသေးသောကြောင့် မကွေးပင် အနိုင်ရတော့မည်ဟု ထင်မှတ်ရချိန်တွင် ဧရာဝတီက ချေပဂိုးများ သွင်းယူခဲ့ခြင်း ဖြစ်သည်။ မိနစ် (၈၀)တွင် နောက်ခံလူ မာဂျန်က ပထမ ချေပဂိုး သွင်းပေးခဲ့ပြီး နာကျင် အချိန်ပို (၄)မိနစ်တွင် ကွင်းလယ်လူ ဒိုမီနစ်က လက်ကျန်ချေပဂိုးကို သွင်းပေးခဲ့ကာ ဧရာဝတီကို ဆွဲတင်ပေးခဲ့သည်။ ခြေစွမ်းပိုင်းတွင် အကောင်းဆုံး ပုံစံသို့ မရောက်သေးသော်လည်း စိတ်ဓါတ်ပိုင်းတွင်တော့ ထိပ်တန်းအဆင့်သို့ ပြန်ရောက်နေပြီဟု ဧရာဝတီက သက်သေပြလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်ကတော့ ပထမပိုင်းတွင် ခြေစွမ်းပြ နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် မနောမြေ၏ ကစားကွက် အောက်မှ အသည်းအသန် ရုန်းထွက်ခဲ့ရသည်။ ပွဲအစ (၅)မိနစ် ကတည်းက ကျော်ကိုကိုက သူ၏ ရန်ကုန် ကစားသမားဘ၀ ပထမဆုံးဂိုကို သွင်းယူခဲ့သည်။ နောက်ပိုင်းတွင်လည်း ရန်ကုန်က တရစပ်ပင် တိုက်စစ်ဆင်ခဲ့သည်။ ပြီးခဲ့သည့် ရာသီက ရန်ကုန်၏ ဂိုးသွင်းဘုရင် ဖြစ်ခဲ့သည့် ဆီဇာ တစ်ဦးတည်းပင် လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် (၄)ကြိမ်အထိ ရခဲ့သော်လည်း တစ်လုံးမှ ဂိုးမဖြစ်ခဲ့။ ဒုတိယပိုင်းတွင် မနောမြေ၏ ချေပဂိုးကြောင့် အသည်းအသန် ရုန်းကန် ခဲ့ရပြီး ကံကောင်းသောကြောင့်သာ (၈၁)မိနစ်တွင် အနိုင်ဂိုး ရခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အနေအထားအရ ရန်ကုန်၏ ခြေစွမ်းမှာ တည်ငြိမ်မှု မရှိသေးသည်ကို တွေ့ရသည်။ ရန်ကုန် နည်းပြချုပ် ကိုလက်ဗ် အနေဖြင့် ပွဲချိန်အတွင်း ထိရောက်သည့် ကစားကွက်မျိုး ပြောင်းကစား နိုင်ခြင်း မရှိခဲ့သည်ကိုလည်း တွေ့ရသည်။ ယခုပွဲတွင် ချီးကျူးရမည်မှာ ရန်ကုန် ကွင်းလယ်လူ ရာဇာဝင်းသိန်းနှင့် မနောမြေ ဂိုးသမား ထွန်းလင်းစိုးတို့ ဖြစ်သည်။ ထွန်းလင်းစိုးသည် ယခုပွဲတွင် အပိုင်ကန်သွင်းမှု (၁၀)ကြိမ်ထက် မနည်းကို လက်စွမ်းပြ ကာကွယ် နိုင်ခဲ့သည်။



ယခုတစ်ပတ်တွင် ထူးခြားမှုမှာ ပထမဆုံး နိုင်ပွဲရခဲ့သည့် အသင်းပေါင်း (၃)သင်း ရှိနေခြင်း ဖြစ်သည်။ ထိုအသင်းများမှာ ကမ္ဘောဇ၊ ရတနာပုံ၊ ဇွဲကပင် တို့ဖြစ်ကြသည်။ ပွဲစဉ် (၃) ကစားပြီးချိန်အထိ လုံးဝ ရှုံးပွဲ မရှိသေးသည့် အသင်းပေါင်း (၄)သင်း ရှိနေခဲ့သည်။ ထိုအသင်းများမှာ ရန်ကုန်၊ ဇေယျာရွှေမြေ၊ မကွေးနှင့် ဧရာဝတီတို့ ဖြစ်သည်။ ဧရာဝတီသည် လက်ရှိ အချိန်အထိ ရှုံးပွဲမရှိသေးသလို နိုင်ပွဲလည်း မရှိသေးပဲ (၃)ပွဲလုံး သရေကျထားခြင်း ဖြစ်သည်။ ထို့အတူ မနောမြေ၊ နေပြည်တော်နှင့် ရခိုင် ယူနိုက်တက် အသင်းများမှာလည်း နိုင်ပွဲလုံးဝ မရှိသေးသည့် အသင်းများ ဖြစ်သည်။ ပွဲစဉ် (၆)ပွဲတွင် သွင်းဂိုးပေါင်း (၁၄)ဂိုး ရှိခဲ့ပြီး (၂-၀)ဖြင့် အနိုင်ရသည့် ပွဲ(၃)ပွဲ ရှိခဲ့သည်။ နေပြည်တော် အသင်းမှာ စနေနေ့ ပွဲစဉ်တွင် ကစားသမား တစ်ဦး ထုတ်ပယ်ခံခဲ့ရရာ ပွဲစဉ် (၃)ပွဲ အပြီးတွင် ကစားသမား (၂)ဦး ထုတ်ပယ် ခံရခြင်း ဖြစ်သည်။ ယခုတစ်ပတ်တွင် ဂိုးသမားများ အထူးလက်စွမ်းပြ ခဲ့သည်မှာလည်း ထူးခြားချက် တစ်ရပ်ဖြစ်သည်။ ရတနာပုံ အသင်းမှ သီဟစည်သူနှင့် မနောမြေမှ ထွန်းလင်းစိုးတို့မှာ အကောင်းဆုံး စွမ်းဆောင်ရည်များကို ထုတ်ပြခဲ့ကြသည်။ ယခုတစ်ပတ် အကောင်းဆုံး အသင်းမှာ ဇေယျာရွှေမြေ ဖြစ်ပြီး အကောင်းဆုံး ကစားသမားမှာ သီဟစည်သူပင် ဖြစ်သည်။ မကွေးနှင့် ဧရာဝတီတို့ ပွဲတွင် ပွဲချိန် (၂)မိနစ်၌ အဲလ်မေးဒါး သွင်းယူခဲ့သည့် ဂိုးမှာ ၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ဘောလုံး ရာသီအတွက် လက်ရှိ အချိန်အထိ အမြန်ဆုံး ဂိုးပင်ဖြစ်သည်။

ဂိုးအပြတ်ဆုံးပွဲ ---------------- ဇေယျာရွှေမြေ ၂-၀ ဆောက်သမ်း၊ ကမ္ဘောဇ ၂-၀ နေပြည်တော်၊ ဟံသာဝတီ ၀-၂ ရတနာပုံ
နှစ်ဘက် သွင်းဂိုးအများဆုံးပွဲ ------------ ဧရာဝတီ ၂-၂ မကွေး
သွင်းဂိုးပေါင်း------------------- (၁၄)ဂိုး
ဂိုးသွင်းသူများ------------------ ပိုင်စိုး၊ အောင်ကျော်ဇင်ဦး၊ အောင်မျိုးလွင်၊ စိုးမင်းဦး၊ကျော်ကိုကို၊ မျိုးဇော်ဦး၊ပေါ်လို၊ ဆာဆာ၊ မာဂျန်၊ နူးနက်ဇ်၊ ကိုနေးအဒမာ၊ ဒိုမီနစ်၊ ကမ်ဘူး၊             အဲလ်မေးဒါး။
ဂိုးအများဆုံး သွင်းထားသူများ-------------ကိုနေးအဒမာ (ရန်ကုန်) ၄ ဂိုး၊ ဆီဇာ (ရန်ကုန်) ၂ ဂိုး၊ မျိုးဇော်ဦး (မကွေး) ၂ ဂိုး၊ ဆာဆာ (ဇေယျာရွှေမြေ) ၂ ဂိုး၊ ပေါ်လို (ရတနာပုံ) ၂ ဂိုး၊   မာဂျန် (ဧရာဝတီ) ၂ ဂိုး။

MNL ပွဲစဉ် (၄)
ဇန် ၂၆၊ ၁၃။

ပွဲကြီးပွဲကောင်းများ ပါဝင်သည့် ပွဲစဉ် (၄)ကို စတင်ကျင်းပခဲ့သည်။ ဇယားထိပ်မှ အသင်းများ ဖြစ်သည့် ရန်ကုန်နှင့် ဇေယျာတို့ မုံရွာကွင်းတွင် ထိပ်တိုက် တွေ့ဆုံမှု အပါအ၀င် နေပြည်တော်နှင့် ဟံသာဝတီ၊ ဆောက်သမ်းနှင့် ရခိုင်၊ ဇွဲကပင်နှင့် ရတနာပုံ စသည့် ပွဲများပါဝင်ကြသည်။ အစောဆုံး ကစားသည့် မုံရွာကွင်းမှ ဇေယျာရွှေမြေနှင့် ရန်ကုန်တို့၏ ပွဲစဉ်တွင် အိမ်ရှင် ဇေယျာက ဆာဆာ၏ နောက်ကျဂိုးဖြင့် ထိုက်ထိုက်တန်တန် အနိုင်ရခဲ့သည်။ ပွဲချိန်အတွင်း မလိုလားအပ်သည့် အနှောက်အယှက်များ ရှိခဲ့သည်ဟု ဆိုသော်လည်း ဒုတိယပိုင်းတွင် ကစားသွားသည့် ဇေယျာ၏ ခြေစွမ်းက နိုင်ပွဲနှင့် ထိုက်တန်ကြောင်း ပြသနိုင်ခဲ့သည်။ ထိုပွဲသည် ထုံးစံအတိုင်း ပွဲကြမ်း တစ်ပွဲလည်း ဖြစ်ခဲ့ပြီး နှစ်ဘက် ကစားသမားများ၏ ပွဲချိန်အတွင်း ရန်လိုသည့် ကစားပုံများက  စိတ်ပျက်ဖွယ် ဖြစ်ခဲ့ရသည်။ ထို့အပြင် အစဉ်အလာ မပျက် ပွဲကို ရပ်နားခဲ့ရပြီး အနည်းဆုံး (၃)ကြိမ်ခန့် ရှိခဲ့ကာ ပရိသတ်များ၏ လက်မောင်းလွှဲ လေ့ကျင့်ခန်းများကြောင့် လုံခြုံရေး တာဝန်ယူခဲ့သည့် ရဲဝန်ထမ်း တစ်ဦးပါ ဒဏ်ရာရခဲ့သည် အထိ ဖြစ်ခဲ့ကြောင်း သိရသည်။ ထိုပွဲတွင် ဇေယျာ၏ ဂိုးသွင်းဘုရင် ဆာဆာက ရန်ကုန် နောက်ခံလူများ အကြားမှ ပါးပါးနပ်နပ်ဖြင့် ခေါင်းချိုးတိုက်ကာ ဇေယျာအတွက် အနိုင်ဂိုးကို ရယူခဲ့သည်။ ပွဲချိန် (၈၉)မိနစ်တွင် သွင်းယူခဲ့သည့် အဆိုပါဂိုးမှာ အနိုင်ရလဒ်အတွက် လုံလောက် စေခဲ့ပြီး အမှတ်ပေးဇယား နံပါတ် (၁)နေရာသို့လည်း (၃)မှတ် အကွာဖြင့် တက်ရောက် နိုင်စေခဲ့သည်။



သုဝဏ္ဏကွင်းတွင် ကစားခဲ့သည့် ဆောက်သမ်းနှင့် ရခိုင်တို့၏ ပွဲတွင်တော့ ဆောက်သမ်းက ခြေအသာဖြင့် ကစားကာ (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ ကစားသမားများ ကိုသာ အားပြုထားသည့် အသင်းချင်း တူညီသော်လည်း ခြေစွမ်းပိုင်းတွင် ရခိုင်တို့ ဆောက်သမ်းနှင့် တန်းညှိ၍ မရနိုင်သေး သည်ကို တွေ့ရသည်။ အတွေ့အကြုံ နည်းလွန်းသည့် ပြည့်မိုးနှင့် ပြောင်းပြန် လှန်လိုက်သလို ခြေကျသွားသည့် ချစ်မင်းစိုးတို့၏ တိုက်စစ်ပိုင်းက ဆောက်သမ်း အတွက် ခြိမ်းခြောက်မှု မဖြစ်ခဲ့ပေ။ ကွင်းလယ်တွင် ၀င်ကစားခဲ့သည့် ၀ိုင်းချစ်အောင်နှင့် ထွန်းညိမ်းတို့ ခြေစွမ်း မဆိုးသော်လည်း ခံစစ် ကစားသမားများ ဖြစ်နေခြင်းက ရခိုင်၏ တိုက်စစ် ဖန်တီးမှုကို 'အ'သွားစေသည့် ပုံမျိုးပင်။ ပထမဆုံး ညကွင်းပွဲအဖြစ် ကျင်းပသည့် နေပြည်တော်နှင့် ဟံသာဝတီတို့ ပွဲကတော့ အပြန်အလှန် သွင်းဂိုးများဖြင့် အကြိတ်အနယ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် နေပြည်တော်က မာရှယ်၏ ပထမဆုံး ဂိုးဖြင့် အိမ်ကွင်းတွင် အနိုင်ရခဲ့သည်။ ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည့် ပွဲတစ်ပွဲ ဖြစ်ခဲ့သော်လည်း ပွဲချိန်အတွင်း မီးနှစ်ကြိမ် ပျက်ခဲ့ခြင်းက ပထမဆုံး MNL ညပွဲ ကျင်းပနိုင်၍ ဂုဏ်ယူနေမည့် နေပြည်တော် အသင်းအတွက်တော့ မျက်နှာပျက်စရာ ဖြစ်ခဲ့ရသည်။ ထို့အပြင် နေပြည်တော် ပရိသတ် အချို့ကလည်း လက်မောင်းလွှဲ လေ့ကျင့်ခန်းများ ပြုလုပ် ခဲ့သေးသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ သေးသည်။ ရတနာပုံကတော့ ဇွဲကပင်ကို ပထမဆုံး အကြိမ်အဖြစ် ရှုံးခဲ့သည်။ ဇွဲကပင် အတွက် ဂျပန် ကွင်းလယ်လူ ကန် ခြေစွမ်းပြခဲ့ပြီး ချေပဂိုးကို ဖန်တီးပေးခဲ့ယုံ သာမက အသဲကွဲစေမည့် ဂိုးကိုလည်း နောက်ဆုံးမိနစ်တွင် တိတိကျကျ ဖန်တီးပေးခဲ့သည်။ စံချိန်တင် ပြောင်းရွှေ့ကြေးများဖြင့် ခေါ်ယူထားသည့် ကစားသမားများ ခြေစွမ်း မပြနိုင်သေးသည်က ရတနာပုံ ပရိသတ်များကို စိတ်ကျေနပ်မှု မရစေခဲ့ပေ။



MNL ပွဲစဉ် (၄)
ဇန် ၂၇၊ ၁၃။

တနင်္ဂနွေ နေ့တွင် ကမ္ဘောဇ - ဧရာဝတီ၊ မကွေး - မနောမြေ အစရှိသည့် အကြိတ်အနယ် ပွဲကောင်းများကို ကျင်းပခဲ့သည်။ တောင်ကြီးတွင် ကျင်းပခဲ့သည့် ကမ္ဘောဇနှင့် ဧရာဝတီတို့ ပွဲမှာ ပွဲကြီးပွဲကောင်း တစ်ပွဲအဖြစ် မျှော်လင့်ခဲ့ကြ သော်လည်း ထင်သလောက် အကြိတ်အနယ် မဖြစ်ခဲ့သည်ကို တွေ့ရသည်။ ပွဲအစ (၂)မိနစ် ကတည်းက ဧရိယာ အစပ်တွင် ရသည့် ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းကာ ကမ္ဘောဇကို ဦးဆောင် စေခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင်လည်း ပွဲကို ကမ္ဘောဇကသာ ဦးဆောင် နေခဲ့ပြီး ဧရာဝတီ၏ ပြန်လည် ထိုးဖောက်မှုများမှာ ထိရောက်မှု နည်းပါးခဲ့သည်ကို တွေ့ရသည်။ ထို့နောက် နောက်ခံလူများ၏ မမှားသင့်သည့် အမှားမှ ကျော်ဇေယျာဝင်း ဒုတိယဂိုး ထပ်သွင်းခဲ့ပြီး ပွဲပြီးကာနီးတွင် စိုးမင်းဦးက တစ်ဂိုးထပ်သွင်းကာ နိုင်ပွဲကို ပိုမို သေချာစေခဲ့သည်။ ထိုပွဲ အနိုင်ကြောင့် ကမ္ဘောဇမှာ ရမှတ် (၇)မှတ်ဖြင့် အမှတ်ပေးဇယား တတိယ နေရာအထိ တက်ရောက် လာနိုင်ခဲ့ပြီ ဖြစ်သည်။ ပွဲစဉ် (၃)အပြီးအထိ ရှုံးပွဲ မရှိသေးသည့် ဧရာဝတီကတော့ ပထမဆုံး ရှုံးပွဲကို လက်ခံခဲ့ရပြီ ဖြစ်သည်။

မကွေးနှင့် မနောမြေတို့ ပွဲကတော့ အကြိတ်အနယ် အတော်ပင် ရှိခဲ့သည်ဟု ဆိုရမည်။ နှစ်သင်းစလုံး၏ ထက်မြက်သည့် တိုက်စစ် ကစားပုံများကိုလည်း ကြည့်ရှုခွင့် ရခဲ့သည့် ပွဲပင် ဖြစ်သည်။ မနောမြေ၏ အဆာလေ၊ ကမ်ဘူးတို့ တိုက်စစ်တွင် ခြေစွမ်း ပြခဲ့ပြီး အဆာလေ တစ်ဦးတည်း (၂)ဂိုး သွင်းပေးခဲ့သည်။ မကွေး၏ ဂိုး(၂)ဂိုးကိုလည်း ကိုကိုနိုင်က ရယူပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ထိုးဖောက်မှုကြောင့် မကွေးတို့ ပင်နယ်တီ ရခဲ့သလို ဒုတိယ ဂိုးကိုလည်း သူပင် ထိုးဖောက် သွင်းပေးခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးသမားများကို ကျော်ဖြတ်နိုင်ပြီး ဂိုးပေါက် အတွင်း လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရခဲ့ကြသော်လည်း အသုံးမချ နိုင်ခဲ့သည်က ထိုပွဲ၏ အမှတ်ရဖွယ် တစ်ခု ဖြစ်ခဲ့သည်။



ယခုတစ်ပတ်တွင် အသင်းပေါင်း (၁၂)သင်း၏ အပြန်အလှန် သွင်းဂိုးပေါင်း (၁၈)ဂိုး အထိရှိခဲ့ရာ ကစားခဲ့ပြီး သမျှတွင် ဂိုးသွင်းအား အကောင်းဆုံး ရက်သတ္တပတ်ပင် ဖြစ်သည်။ နှစ်သင်းလုံး ဂိုးသွင်းနိုင်ခဲ့သည့် ပွဲက (၃)ပွဲရှိခဲ့ပြီး ဂိုးပြတ် နိုင်ပွဲ (၂)ပွဲရှိကာ (၁)ဂိုးတည်းဖြင့် အနိုင်ရသည့် ပွဲမှာ တစ်ပွဲသာ ရှိခဲ့သည်။ ထို့အပြင် ယခုတစ်ပတ်တွင် ပြည်တွင်း ကစားသမားများ ဂိုးသွင်းများခဲ့သည်။ ပြည်တွင်း ကစားသမား (၁၀)ဦးက တစ်ဦးလျှင် (၁)ဂိုးနှုန်း သွင်းခဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံခြားသား (၇)ဦးသာ ဂိုးသွင်းခဲ့ပြီး (၂)ဂိုး သွင်းခဲ့သည်မှာ အဆာလေ တစ်ဦးသာ ရှိခဲ့သည်။ ရှုံးပွဲရော နိုင်ပွဲပါ မရှိသေးသည့် ဧရာဝတီမှာ ယခုတစ်ပတ်တွင် ရှုံးပွဲ ကြုံခဲ့ပြီ ဖြစ်သလို ရှုံးပွဲ မရှိခဲ့သည့် ရန်ကုန် ယူနိုက်တက် မှာလည်း ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သောကြောင့် ပွဲစဉ် (၂)အပြီးတွင် လုံးဝရှုံးပွဲ မရှိသေးသည့် အသင်းမှာ ဇေယျာရွှေမြေနှင့် မကွေးတို့ နှစ်သင်းသာ ရှိတော့သည်။ ထို့အပြင် အခြား ထူးခြားမှု တစ်ရပ်မှာ ကမ္ဘောဇ ကွင်းလယ်လူ နူးနက်ဇ် ဖြစ်သည်။ လက်ရှိ အချိန်အထိ ဂိုး(၃)ဂိုး သွင်းယူထားရာ ထိုဂိုး အားလုံးကို ပြစ်ဒဏ်ဘောများကို တိုက်ရိုက်ကန်သွင်း ရယူခဲ့ခြင်း ဖြစ်သည်။ ပထမဆုံး မြန်မာနေရှင်နယ်လိဂ် ညပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည့် နေပြည်တော်နှင့် ဟံသာဝတီ ပွဲတွင် မီးပျက်ခဲ့မှုမှာလည်း ယခုတစ်ပတ်အတွက် အမှတ်ရစရာ အကောင်းဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ မီးစက်များ အားနည်းချက်ကြောင့် ဖြစ်ခဲ့ရသည်ဟု ဖြေရှင်းခဲ့သော်လည်း ပြိုင်ပွဲ ကျင်းပရေး စည်းမျဉ်းများနှင့် ညီညွတ်မှု မရှိသောကြောင့် ညပွဲ ကစားနိုင်ခြင်း ရှိမရှိ ထပ်မံစစ်ဆေးခြင်းကို ခံရတော့မည် ဖြစ်သည်။ ယခုတစ်ပတ် အကောင်းဆုံး အသင်းမှာ ဇွဲကပင် ဖြစ်ပြီး အကောင်းဆုံး ကစားသမားမှာ ဆာဆာဖြစ်သည်။

ဂိုးအပြတ်ဆုံးပွဲ ---------------- ကမ္ဘောဇ ၃-၀ ဧရာဝတီ
နှစ်ဘက် သွင်းဂိုးအများဆုံးပွဲ ------------ နေပြည်တော် ၃-၂ ဟံသာဝတီ
သွင်းဂိုးပေါင်း------------------- (၁၈)ဂိုး
ဂိုးသွင်းသူများ------------------ စိုးမင်းဦး၊ မိုးဝင်း၊ ဇော်လင်း၊ မင်းနောင်ဦး၊ အောင်မြင့်ထွန်း၊ ရဲအောင်၊ ဇော်ခါး၊ မိုးမြင့်သူ၊ ကျော်ဇေယျာဝင်း၊ ကိုကိုနိုင်၊ မာရှယ်၊ ပီနာ၊ အဆာလေ (၂)၊ ပေါ်လို၊ ဆာဆာ၊ နူးနက်ဇ်၊ အဲလ်မေးဒါး။


ဂိုးအများဆုံး သွင်းထားသူများ

Name

Team

Goals

Kone Adama

Yangon United

4

Assale

Manaw Myay

3

Sa Sa Ravkovic

Zeyar Shwe Myay

3

Tercio Nunez

Kanbawza

3

Paulo Pimentel

Yadanarbon

3

Sezar Augusto

Yangon United

2

Marjan Balchev

Ayeyarwady United

2

Myo Zaw Oo

Magwe

2

Aung Myint Tun

Hantharwady United

2

Soe Min Oo

Kanbawza

2

Ye Aung

Southern Myanmar

2

 
ဇယားထိပ် ဦးဆောင်သူ အပြောင်းအလဲ ရှိနိုင်တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၄) PDF Print E-mail
Written by Admin Team   
Friday, 25 January 2013 16:53

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့ (၄)ပတ်မြောက်မှာ ထိပ်ဆုံးကနေ အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ ရန်ကုန်နဲ့ ဇေယျာရွှေမြေတို့ ထိပ်တိုက် လာတွေ့နေပါတယ်။ ထိပ်ဆုံးက အသင်းနှစ်သင်း အမှတ်လျော့ဖို့ ရှိနေတဲ့ အနေအထားဟာ ကျန်တဲ့ ရတနာပုံ၊ ကမ္ဘောဇ တို့အတွက် ကြားထဲက အမှတ်ကွာဟမှုကို လျော့ချနိုင်ဖို့ အခွင့်အရေး တစ်ရပ်ပါပဲ။ ထိပ်ဆုံးနေရာပဲ အပြောင်းအလဲ ဖြစ်သွားမလား၊ အောက်အသင်းတွေကို (၄)မှတ်လောက် ခွာထားတဲ့ အနေအထားကို ထိပ်ဆုံးက ဘယ်အသင်းက ဆက်ထိန်းနိုင်မလဲ ဆိုတာကတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 
၂၀၁၃ မြန်မာ နေရှင်နယ်လိဂ် ဒိုင်ယာရီ~ပွဲစဉ် (၁)၊ (၂) PDF Print E-mail
Written by Admin Team   
Wednesday, 23 January 2013 22:31

MNL ပွဲစဉ် (၁)
ဇန် ၅၊ ၁၃။

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ စည်းမျဉ်းသစ်များ စတင် အကျုံးဝင်သော နေ့လည်း ဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲကို အသင်းပေါင်း (၁၂)သင်းဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယခင်နှစ်ပြိုင်ပွဲတွင် အသင်း (၁၄)သင်း ပါဝင်ခဲ့သော်လည်း ပြိုင်ပွဲအား ပိုမိုကျစ်လျစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန် စေလိုသည့် အတွက် အောက်ဆုံး (၂)သင်းကို တန်းဆင်းစေခဲ့ပြီး MNL -2 အဖြစ် ဖေဖော်ဝါရီ လတွင် စတင် ယှဉ်ပြိုင်မည် ဖြစ်သည်။ အခြား ပြိုင်ပွဲ စည်းမျဉ်းများကို ပြောင်းလဲခြင်း မရှိသော်လည်း ပြည်တွင်း ကလပ်များ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်စေရန် အတွက် နိုင်ငံခြားသား အသုံးပြုသည့် စည်းမျဉ်းကို ပြင်ဆင်ခဲ့သည်။ ပြီးခဲ့သည့် ဘောလုံး ရာသီက တစ်သင်းလျှင် နိုင်ငံခြားသား (၃)ဦးသာ ခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင်မူ နိုင်ငံခြားသား (၄)ဦး ခေါ်ယူခွင့် ရှိသည့် (၃+၁) စနစ်ကို စတင် ကျင့်သုံးခဲ့သည်။ သို့သော် ချန်ပီယံဆု မျှော်မှန်းနေသည့် အသင်းကြီး အချို့မှ လွဲ၍ ကျန်အသင်း များမှာ ထိုစနစ်အတိုင်း ကစားသမား ခေါ်ယူခြင်း မရှိခဲ့ပေ။ (၃+၁) စနစ်အတိုင်း ကစားသမား ခေါ်ယူခဲ့သည့် အသင်းများမှာ ရန်ကုန်၊ ရတနာပုံ၊ ဧရာဝတီ၊ နေပြည်တော်၊ မကွေး၊ ကမ္ဘောဇ၊ ဇွဲကပင် တို့ဖြစ်သည်။ အသင်းကြီးများအနက် ဇေယျာရွှေမြေမှာ ပြီးခဲ့သည့် ရာသီက လက်တွဲခဲ့သည့် ကစားသမား (၃)ဦးကိုသာ ဆက်လက် လက်တွဲခဲ့သည်။ ဆောက်သမ်းနှင့် ရခိုင်ယူနိုက်တက် တို့မှာ နိုင်ငံခြားသား ခေါ်ယူခဲ့ခြင်း မရှိပေ။

ပြိုင်ပွဲ ပထမနေ့ကို ရန်ကုန်၊ ရတနာပုံ၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇ အစရှိသည့် ထိပ်သီးအသင်း များ၏ ပွဲများဖြင့် စတင်ခဲ့သည်။ သို့သော် ထိပ်သီးအသင်းများ ထဲတွင် ရန်ကုန်နှင့် ဇေယျာရွှေမြေ တို့သာ ရလဒ်ကောင်းခဲ့ပြီး ကျန်အသင်းများမှာ အခြေအနေ မကောင်းခဲ့။ ရတနာပုံက အိမ်ကွင်းတွင် ရခိုင်ကို နောက်ကျ ပင်နယ်တီကြောင့်သာ သရေရခဲ့သည်။ ရခိုင်အတွက် ပြည့်မိုးက (၇၅)မိနစ်တွင် ဦးဆောင်ဂိုး သွင်းသွားသောကြောင့် ရတနာပုံတို့ မရှုံးရေးအတွက် အသည်းအသန် ရုန်းကန်ခဲ့ရပြီး ပွဲချိန်(၈၅)မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီကြောင့်သာ အခြေအနေ မဆိုးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဧရိယာ အပြင်မှ ဖြစ်ရပ်ကို ပင်နယ်တီ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရခိုင်၏ သွင်းဂိုး တစ်ဂိုးကို လူကြွံဘော သတ်မှတ်ခဲ့ကြောင်း ဂျာနယ် စာမျက်နှာများတွင် ပါဝင်လာခဲ့ရာ ထိုပွဲမှာ တစ်ပတ်အတွင်း လူပြော အများဆုံး ပွဲတစ်ပွဲ ဖြစ်လာခဲ့တော့သည်။

 


ကမ္ဘောဇကတော့ ဆောက်သမ်းကို အိမ်ကွင်းမှာ ကစားရပါလျက် (၀-၁)ဂိုးဖြင့် ရှုံးခဲ့သည်။ ဆောက်သမ်းအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး ရဲအောင်က ပွဲချိန် (၆)မိနစ် ကတည်းက သွင်းသွားခဲ့ခြင်း ဖြစ်သည်။ ထူးဆန်းသည်က ရဲအောင် ဂိုးသွင်းနိုင်ရန် အတွက် ကမ္ဘောဇ ဂိုးသမား ကျော်ဇင်ထက်က ဖန်တီးပေးခဲ့ခြင်းပင်။ ရန်ကုန်ကတော့ အိမ်ကွင်း မြက်ခင်းတု ကွင်းမှာ ဇွဲကပင်ကို (၂-၀)ဖြင့် နိုင်ခဲ့သည်။ သို့သော် ဇွဲကပင်၏ သွင်းဂိုးတစ်ဂိုးကို ဒိုင်က ခွင့်မပြုခဲ့သည့် ဖြစ်ရပ်ကတော့ ရန်ကုန်၏ နိုင်ပွဲကို မှေးမှိန်စေခဲ့သည်။ ဇေယျာရွှေမြေ ကလည်း ရာသီကြို ခြေစမ်းပွဲများတွင် ခြေစွမ်းပြနေသည့် ဟံသာဝတီကို အနိုင်ကစား ခဲ့သည်။ အခြား အသင်းကြီးများလောက် ပြင်ဆင်မှု မရှိခဲ့သည့် အသင်းတစ်သင်း၏ အဖွင့်ပွဲကတော့ လှပခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ လက်ရွေးစင်ဟောင်း စည်သူဝင်းက ပွဲချိန် (၇၂)မိနစ်တွင်မှ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ MNL အဖွင့်ပွဲတွင် ထူးခြားချက်မှာ ပြင်ဆင်မှု အားကောင်းခဲ့ပြီး အများမျှော်လင့်ခြင်း ခံခဲ့ရသည့် အသင်း အများစု ရလဒ်မကောင်းခဲ့ခြင်း ဖြစ်သည်။ အသင်းကြီး (၄)သင်းလုံး အနိုင်ရနိုင်ခြေ ရှိသည့် ပြိုင်ဘက်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သော်လည်း ရန်ကုန်နှင့် ဇေယျာရွှေမြေတို့သာ အနိုင်ရခဲ့သည်။ သို့သော်လည်း ရန်ကုန်ရော ဇေယျာရွှေမြေပါ ခြေစွမ်းပိုင်းတွင် လိုအပ်ချက်များ ရှိနေဆဲပင် ဖြစ်သည်။


MNL ပွဲစဉ် (၁)။
ဇန် ၆၊ ၁၃။

ပွဲစဉ်(၁)၏ ပွဲကျန် (၂)ပွဲကို ဆက်လက် ကျင်းပခဲ့သည်။ ရာသီအစ ခြေစမ်းပွဲများတွင် အခြေအနေ မကောင်းသည့် ဧရာဝတီသည် မနောမြေကို ဂိုးတစ်ဂိုးပင် မသွင်းနိုင်ပဲ သရေကျခဲ့သည်။ ဧရာဝတီ အနေဖြင့် ပြီးခဲ့သည့် ရာသီကတည်းက ပုံစံပျက်နေခဲ့သည့် အသင်းကို ကစားသမားကောင်းများ ဖြည့်တင်းထား သော်လည်း ယခုထိ အကောင်းဆုံး ပုံစံ မရနိုင်သေးသည်ကို တွေ့ရသည်။ သုဝဏ္ဍကွင်းမှ မကွေးနှင့် နေပြည်တော်တို့၏ ပွဲကတော့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သလို ပွဲကြမ်းတစ်ပွဲလည်း ဖြစ်ခဲ့သည်။ တစ်ပွဲလုံး အ၀ါကတ်များ လှိုင်လှိုင် သုံးခဲ့သလို ကစားသမား တစ်ဦးလည်း ထုတ်ပယ်ခံခဲ့ရသည်။ ထုတ်ပယ် ခံခဲ့ရသည်က နေပြည်တော် ကွင်းလယ်လူ ကိုနေး ဖြစ်သည်။ ကိုနေးကတော့ အသင်းဟောင်းနှင့် ပြန်တွေ့ချိန်တွင် ထုံးစံအတိုင်း အနီကတ်ကို လက်ဆောင် ယူသွားခဲ့သည်။ ရောက်လေရာ အသင်းတိုင်းတွင် ခြေစွမ်းပြ နိုင်သည့် ကစားသမားကောင်း တစ်ဦးဖြစ်သော်လည်း အသင်းဟောင်းနှင့် ရင်ဆိုင်တိုင်း အကဲဆတ်သည့် ကိုနေးကို သူ့အကျင့်ကပင် စားသွားခြင်း ဖြစ်သည်။ မလိုအပ်ဘဲ ကြမ်းတမ်းခဲ့သောကြောင့် အ၀ါနှစ်ကတ်ကို ဆက်တိုက်နီးပါး အပြခံရကာ ကွင်းအတွင်းမှ ထွက်ခွာခဲ့ ရသည်။ ထိုပွဲတွင် နေပြည်တော်အတွက် ဂိုးကို ပွဲချိန် (၂၁)မိနစ် ကတည်းက ခိုင်ထူးက ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး မကွေးက (၈၆)မိနစ်တွင် ပြန်လည် ချေပခဲ့သည်။

ပွဲစဉ် (၁)အတွင် ထူးခြားချက်မှာ ဂိုးသွင်းနှုန်း နည်းခဲ့ခြင်း ဖြစ်သည်။ ပွဲပေါင်း (၆)ပွဲ တွင် သွင်းဂိုး (၈)ဂိုးသာ ရှိခဲ့ပြီး တစ်ပွဲသာ ဂိုးပြတ်ခဲ့သည်။ ပြည်ပ ကစားသမား (၄)ဦး ဂိုးသွင်းနိုင်ခဲ့ပြီး ပြည်တွင်း ကစားသမားများ အနက်မှလည်း (၄)ဦး ဂိုးသွင်းနိုင်ခဲ့သည်။ ထူးခြားသည်မှာ နိုင်ငံခြားသားများ သွင်းယူသည့် (၄)ဂိုး စလုံးမှာ တည်ကန်ဘောများမှ သွင်းယူခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်နောက်ခံလူ ရှက်ဗ်ကော့စကီးမှာ ပြစ်ဒဏ်ဘောကို ပိတ်သွင်းခဲ့ခြင်း ဖြစ်ပြီး တိုက်စစ်မှူး ကိုနေး၏ သွင်းဂိုးမှာလည်း ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ရတနာပုံမှ ပေါ်လို၏ သွင်းဂိုးနှင့် မကွေးမှ အီဗန်၏ သွင်းဂိုးများမှာလည်း ပင်နယ်တီများ ဖြစ်နေခဲ့သည်။



ရာသီသစ်တွင် နည်းပြသစ်များဖြင့် ပွဲထွက်လာသည့် အသင်းများလည်း ရှိခဲ့ရာ ထိုအသင်းများမှာ မနောမြေ၊ ရတနာပုံနှင့် ရခိုင် ယူနိုက်တက်တို့ ဖြစ်ကြသည်။ မနောမြေသည် အသင်းကို နည်းပြချုပ် အဖြစ် တောက်လျောက် ကိုင်တွယ် လာခဲ့သည့် ဦးဝင်းမြင့်သွင်ကို မန်နေဂျာ အဖြစ် ပြောင်းလဲ တာဝန် ပေးခဲ့ပြီး လက်ထောက် နည်းပြ ဦးအုန်းကြိုင်က နည်းပြချုပ် ဖြစ်လာခဲ့သည်။ ရတနာပုံသည် ပြီးခဲ့သည့် ရာသီက အသင်းကို ကိုင်တွယ်ခဲ့သည့် ဘရာဇီး နည်းပြချုပ် ဘောဂတ်စ်ကို ပရိသတ်များ၏ ဆန္ဒအရ ထုတ်ပယ်ခဲ့ပြီး နည်းပြသစ် အဖြစ် ဘောရစ်ဘန်ဂျက် အမည်ရသည့် ဆားဘီးယား နည်းပြသစ်ကို နည်းပြချုပ် အဖြစ်ခန့်အပ် တာဝန်ပေးခဲ့သည်။ ရခိုင်ယူနိုက်တက်မှာမူ ပြီးခဲ့သည့် ရာသီက အသင်းအတွက် အကောင်းဆုံး စွမ်းဆောင် ပေးခဲ့သည့် နည်းပြချုပ် ဦးဟန်ထွန်း နှုတ်ထွက် သွားခဲ့ရာ အသင်း၏ နည်းစနစ် ဒါရိုက်တာ ဦးအောင်နိုင်က နည်းပြချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။ ဦးအောင်နိုင်သည် နေပြည်တော် အသင်းကိုလည်း နည်းပြချုပ် အဖြစ် တာဝန်ယူခဲ့ ဖူးသည်။ နုတ်ထွက်သွားသည့် ဦးဟန်ထွန်းကိုမူ ကမ္ဘောဇ အသင်းက လက်ထောက် နည်းပြအဖြစ် တာဝန်ပေးခဲ့သည်။

၂၀၁၂ MNL အဖွင့်ဂိုး ---------- ၆' ရဲအောင်၊ ဆောက်သမ်း။ (ကမ္ဘောဇ ၀-၁ ဆောက်သမ်း)
ဂိုးအပြတ်ဆုံးပွဲ ---------------- ရန်ကုန် ၂-၀ ဇွဲကပင်
နှစ်ဘက် သွင်းဂိုးအများဆုံးပွဲ ------------ ရန်ကုန် ၂-၀ ဇွဲကပင်၊ ရတနာပုံ ၁-၁ ရခိုင်၊ မကွေး ၁-၁ နေပြည်တော်
သွင်းဂိုးပေါင်း-------------------(၈)ဂိုး
ဂိုးသွင်းသူများ------------------ ရဲအောင်၊ ပြည့်မိုး၊ စည်သူဝင်း၊ ခိုင်ထူး၊ ပေါ်လို၊ ရှက်ဗ်ကော့စကီး၊ ကိုနေး အဒမာ၊ အီဗန်။

MNL ပွဲစဉ် (၂)။
ဇန် ၁၂၊ ၁၃။

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏ ပွဲစဉ် (၂)ကို ကျင်းပခဲ့သည်။ အသင်းကြီး များထဲမှ ကမ္ဘောဇ၊ ရတနာပုံ၊ ဧရာဝတီ တို့၏ ပွဲများ ပါဝင်ခဲ့သည်။ အဖွင့်ပွဲတွင် အိမ်ကွင်း၌ ဆောက်သမ်းကို အရှက်တကွဲ ရှုံးနိမ့်ထားသည့် ကမ္ဘောဇသည် YTC ကွင်းတွင် မနောမြေနှင့် ရင်ဆိုင် ကစားခဲ့ရာ သရေရလဒ်သာ ရရှိခဲ့သည်။ ကမ္ဘောဇသည် မနောမြေ၏ ဦးဆောင်မှုကိုပင် ခံခဲ့ရပြီး နောက်မှ လိုက်ကစားကာ ချေပဂိုးနှင့် ဦးဆောင်ဂိုးများကို သွင်းယူ နိုင်ခဲ့သော်လည်း နောက်ဆုံး မိနစ်တွင် မနောမြေ၏ ချေပဂိုး သွင်းယူမှုကို မတားဆီး နိုင်သောကြောင့် အမှတ် ပြန်လည် ခွဲပေးခဲ့ရသည်။ မနောမြေအတွက် ပွဲချိန် (၂၅)မိနစ်တွင် တိုက်စစ်မှူး အဆာလေက ကမ်ဘူး၏ ဖြတ်တင်ဘောကို ခေါင်းတိုက်ကာ (၁-၀) ဖြစ်စေသည်။ ၀င်းမင်းထွဋ်နှင့် ဟန်ဆန်တို့၏ အားနည်းမှု ထင်ရှားခဲ့သည်။ သို့သော် ကမ္ဘောဇအတွက် မိုင်းအိုက်နိုင်က (၃၈)မိနစ်တွင် ချေပခဲ့သည်။ သိပ်မကြာမီ (၄၁)မိနစ်တွင် နူးနက်ဇ်က သူ၏ အမှတ်အသား အတိုင်း ပြစ်ဒဏ်ဘောကို အပြင်း ကန်သွင်းကာ ကမ္ဘောဇကို ဦးဆောင် စေခဲ့သည်။ ထိုသို့ဖြင့် ပွဲပြီးရန် (၁)မိနစ် အလိုတွင် ကမ္ဘောဇ ဂိုးဧရိယာအတွင်း ရှုပ်ရှက်ခတ် နေသည့် အနေအထားမှ မနောမြေ နောက်ခံလူ အီဗရာဟင်က ဂိုးသွင်းယူ သွားခဲ့သောကြောင့် ကမ္ဘောဇတို့ ရင်ကွဲနာ ကျရပြန်သည်။ ပွဲအပြီးတွင် ကမ္ဘောဇ နည်းပြချုပ် ဆီဗာဂျီက အသင်း၌ အားနည်းချက်များ ရှိနေကြောင်း ၀န်ခံသွားခဲ့ပြီး အဓိက ပြုပြင်ရမည်မှာ စိတ်ဓါတ်ပိုင်းပင် ဖြစ်ကြောင်း ဆိုခဲ့သည်။

 


ရတနာပုံနှင့် မကွေးတို့၏ ပွဲစဉ်တွင်လည်း အိမ်ရှင် ရတနာပုံက မထင်မှတ်ဘဲ မကွေးကို ရှုံးနိမ့်ခဲ့သည်။ ပြင်ဆင်မှု ကောင်းမွန်ခဲ့သည့် အတွက် ပရိသတ်များ၏ မျှော်လင့်ချက်လည်း ကြီးမားခဲ့ရာ ရှုံးချက်နာ ခဲ့သည်ဟုပင် ဆိုရမည် ဖြစ်သည်။ ပွဲအစ (၉)မိနစ် ကတည်းက မောင်မောင်စိုးက မကွေးအတွက် ဦးဆောင်ဂိုး သွင်းခဲ့သည်။ မိနစ် (၆၀)တွင် ရန်အောင်ဝင်းက ပြန်လည် ချေပခဲ့သော်လည်း ပွဲချိန် (၇၅)မိနစ်တွင် မျိုးဇော်ဦးက မကွေးအတွက် အနိုင်ဂိုးကို သွင်းပေးခဲ့သည်။ ရတနာပုံသည် ယခုပွဲတွင်လည်း ပထမ ပွဲကကဲ့သို့ပင် ခြေစွမ်း ပြနိုင်ခြင်း မရှိခဲ့ရာ ပရိသတ်များ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ ကွင်းအတွင်း လာရောက် ကြည့်ရှုသည့် ပရိသတ် များသည် ပွဲပြီးကာနီးတွင် မကွေး အသင်းကို ဟစ်အော် အားပေးခဲ့ကြသည် အထိ ဖြစ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့အပြင် ရတနာပုံ အသင်းခေါင်းဆောင်ဟောင်း ခင်မောင်ထွန်းနှင့် ဂိုးနည်းပြ ဖြစ်သူ ဦးအောင်ကျော်ထူးတို့က ပွဲလာကြည့်သည့် ပရိသတ်များကို မချေမငံ ပြန်လည် တုံ့ပြန်ခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ နေပြည်တော်ရှိ ပေါင်းလောင်းကွင်းတွင် ကစားခဲ့သည့် နေပြည်တော် အသင်းနှင့် ဧရာဝတီ ယူနိုက်တက် တို့၏ ပွဲစဉ်တွင်မူ တစ်ဘက် တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ ပွဲအစ (၄)မိနစ် သွင်းဂိုးဖြင့် နေပြည်တော်ကို ဧရာဝတီ ဦးဆောင်သည်။ သို့သော် နေပြည်တော်က ဒုတိယပိုင်း (၇၄)မိနစ်တွင် ဇော်ထက်အောင်၏ ဖရီးကစ်ဖြင့် ချေပဂိုး ပြန်လည် ရယူခဲ့သည်။ နောက်ပိုင်းတွင် မိမိတို့ ရရှိသင့်သည့် ပင်နယ်တီ တစ်လုံးကို ကွင်းလယ်ဒိုင်က ငြင်းပယ်ခဲ့ကြောင်း နေပြည်တော် အသင်းက သတင်းထုတ်ပြန်ခဲ့သည်။

MNL ပွဲစဉ် (၂)
ဇန် ၁၃၊ ၁၃။


လက်ကျန် ပွဲစဉ် (၃)ပွဲကို ရန်ကုန်မြို့ တစ်မြို့တည်း၌ ကွင်း(၃)ကွင်းခွဲ၍ ကျင်းပခဲ့သည်။ ကျန်ပွဲများထက် နာရီဝက် စော၍ ကစားသည့် ရန်ကုန်နှင့် ရခိုင်တို့ ပွဲစဉ်တွင် ရန်ကုန်က (၄)ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်နှင့် တွေ့တိုင်း ဂိုးပေးများတတ်သော ခံစစ်ကြောင်း၏ အစဉ်အလာကို ရခိုင်တို့ ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။ ကွင်းအနေအထား အသာရနေသည့် ရန်ကုန်က စိတ်ကြိုက်ပင် ကစားကာ ဂိုးများ သွင်းခဲ့သည်။ ကျော်ကျော်ထက်၏ တံတောင် အစွမ်းပြမှုနှင့် ကျော်ကျော်ထက်ကို ထုတ်ပယ်စဉ် ကွင်းလယ်ဒိုင်၏ အနီကတ် ကျိုးသွားခဲ့သည့် ဖြစ်ရပ်များ ကတော့ ထိုနေ့၏ အလှုပ်ခတ်ဆုံး သတင်းများပင် ဖြစ်မည်ထင်သည်။ ပွဲအပြီးတွင် ရခိုင်နည်းပြချုပ် ဦးအောင်နိုင်က ကျော်ကျော်ထက်ကို ဆီဇာက ရန်စခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ သုဝဏ္ဏကွင်းမှ ဆောက်သမ်းနှင့် ဟံသာဝတီတို့ ပွဲတွင်တော့ ဟံသာဝတီက ကွင်းလယ်လူ အောင်မြင့်ထွန်း၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအတွက် အနိုင်ဂိုးကို ပွဲချိန် (၄၃)မိနစ်တွင် အောင်မြင့်ထွန်းက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဇေယျာရွှေမြေကလည်း ပုံမှန်ချီတက်နေသည်။ အသံတိတ် သေနတ် ကိုင်ထားသည့် လူသတ်သမားလို တိတ်တိတ်ဆိတ်ဆိတ်နှင့် ပြိုင်ဘက်များကို ဇီဝိန်ချွေ နေခြင်းလည်း ဖြစ်သည်။ လူသစ်လည်း ဟုတ်တိပတ်တိ မခေါ်ခဲ့သလို ကျော်ကိုကို ကိုပင် ထုတ်ရောင်းခဲ့သည့် ဇေယျာရွှေမြေသည် အဖွင့်ပွဲတွင် ဟံသာဝတီကို အနိုင်ကစားခဲ့ပြီး ယခုတစ်ပတ်တွင်လည်း စိုးပိုင်သွေး၊ ဆာဆာ တို့၏ ဂိုးများဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သည်အတိုင်း ဆိုလျှင်တော့ ဇေယျာရွှေမြေကို ချန်ပီယံ စာရင်းထဲတွင် ထည့်သွင်း စဉ်းစားရတော့မည့် အနေအထား ဖြစ်လာခဲ့သည်။



ပွဲစဉ်(၂) ပွဲများအပြီးတွင် နိုင်ပွဲမရသေးသော အသင်း (၇)သင်းအထိ ရှိနေခဲ့သည်။ ထိုအသင်းများမှာ နေပြည်တော်၊ ဧရာဝတီ၊ ကမ္ဘောဇ၊ ရတနာပုံ၊ မနောမြေ၊ ရခိုင်ယူနိုက်တက်နှင့် ဇွဲကပင် တို့ဖြစ်ကြသည်။ ပြီးခဲ့သည့် ရာသီက ထိပ်ဆုံး (၅)သင်း စာရင်းဝင်ခဲ့သည့် ရတနာပုံ၊ ကမ္ဘောဇ၊ ဧရာဝတီ တို့မှာ ပွဲစဉ် (၂)ပွဲ ပြီးချိန်အထိ နိုင်ပွဲမရသေး သည်မှာလည်း ထူးခြားမှု တစ်ရပ်ပင် ဖြစ်သည်။ ပွဲစဉ်(၂)တွင် ဂိုးသွင်းနှုန်းများလည်း တက်လာခဲ့သည်ကို တွေ့ရသည်။ သွင်းဂိုး စုစုပေါင်း (၁၆)ဂိုး အထိ ရှိခဲ့ပြီး ပွဲစဉ် (၁)၏ (၂)ဆရှိခဲ့သည်။ ထုံးစံအတိုင်း နိုင်ငံခြားသား များက ဂိုးအများစုကို သွင်းယူခဲ့ပြီး နိုင်ငံခြားသားများ ဂိုးမသွင်းနိုင်ခဲ့သည့် ပွဲမှာ (၂)ပွဲသာ ရှိခဲ့သည်။ ထိုပွဲမှာ ရတနာပုံနှင့် မကွေးပွဲ၊ ဆောက်သမ်းနှင့် ဟံသာဝတီပွဲတို့ ဖြစ်သည်။ ရန်ကုန်နှင့် ပွဲတွင် အနီကတ် ပြသခံခဲ့ရသည့် ရခိုင်ကွင်းလယ်လူ ကျော်ကျော်ထက်မှာ ယခုရာသီအတွက် ပထမဆုံး တိုက်ရိုက် အနီကတ် ပြသခံရသူ ဖြစ်ခဲ့ပြီး မြန်မာ ကစားသမားများထဲတွင်လည်း ပထမဆုံး အနီကတ် ပြသခံရသူ ဖြစ်ခဲ့သည်။ ထို့အပြင် အဆိုပါ အနီကတ်ကြောင့် (၂)ပွဲပယ် ပြစ်ဒဏ်အပြင် ဒဏ်ငွေ (၂)သိန်း ချမှတ် ခံခဲ့ရသည်မှာလည်း ယခုရာသီအတွက် ပထမဆုံးပင် ဖြစ်ခဲ့သည်။

ဂိုးအပြတ်ဆုံးပွဲ ---------------- ရန်ကုန် ၄-၀ ရခိုင်ယူနိုက်တက်
နှစ်ဘက် သွင်းဂိုးအများဆုံးပွဲ ------------ ရန်ကုန် ၄-၀ ရခိုင်ယူနိုက်တက်၊ မနောမြေ ၂-၂ ကမ္ဘောဇ
သွင်းဂိုးပေါင်း-------------------(၁၆)ဂိုး။
ဂိုးသွင်းသူများ------------------ ရန်အောင်ဝင်း၊ မျိုးဇော်ဦး၊ မောင်မောင်စိုး၊ ဇော်ထက်အောင်၊ မိုင်းအိုက်နိုင်၊ အောင်မြင့်ထွန်း၊ စိုးပိုင်သွေး၊ မာဂျန်၊                                    အက်စလေ၊အီဗရာဟင်၊ နူးနက်ဇ်၊                                           ဆာဆာ၊ ဆီဇာ(၂)၊ ကိုနေးအဒမာ (၂)။


ဂိုးအများဆုံး သွင်းထားသူများ-------------ကိုနေးအဒမာ (ရန်ကုန်)    ၃ ဂိုး၊ ဆီဇာ (ရန်ကုန်)   ၂ ဂိုး။

Last Updated on Wednesday, 23 January 2013 23:10
 
«StartPrev1234567NextEnd»

Page 1 of 7

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.