Menu
A+ A A-

လေးပတ်အကြာတွင် ဂျရတ် ပြန်လည် ကစားနိုင်ရန် မျှော်လင့်ထားကြောင်း ရော်ဂျာ ဆို

  • Written by Admin Team
  • Category: EPL
  • Hits: 812

တံကောက်ကြော ဒဏ်ရာရရှိထားသည့် လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင် ဂျရတ်ကို လေးပတ်အတွင်း ပြန်လည် မြင်တွေ့နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း အသင်း မန်နေဂျာ ဘရန်ဒန် ရော်ဂျာက ပြောကြားခဲ့သည်။

အသက် ၃၃ နှစ်အရွယ် ကွင်းလယ် ကစားသမားသည် ယခုနှစ် ဘောလုံးရာသီတွင် လီဗာပူးလ် အသင်းနှင့် ပရီးမီးယားလိဂ် ပွဲစဉ်တိုင်း ပါဝင်ကစားခွင့် ရရှိခဲ့သော်လည်း ဝက်စ်ဟမ်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဒဏ်ရာ ရရှိသွားခဲ့သည်။

အဆိုပါ ဒဏ်ရာ ပြဿနာကြောင့် အင်္ဂလန် ကစားသမားအနေဖြင့် ခြောက်ပတ်ခန့် အကြာ အနားယူရမည်ဟု မူလက သတ်မှတ်ထားသော်လည်း ရော်ဂျာက မကြာခင် ကာလအတွင်း ဂျရတ်ကို ပြန်လည်မြင်တွေ့ရမည်ဟု ဆိုခဲ့သည်။

“စတီဗင် အနေနဲ့ လေးပတ်လောက် အနားယူရပါမယ်။ ဒါကြောင့် သူ့အနေနဲ့ လာမယ့် ရက်သတ္တပတ်မှာ ထိရောက်တဲ့ ကုသမှုတွေ ခံယူသွားရမှာပါ။ သူ့ကို မကြာမီ ပြန်လည် တွေ့မြင်ရမယ်လို့ မျှော်လင့်ပါတယ်” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် ဝက်စ်ဟမ်းနှင့် ပွဲတွင် ခြေချင်းဝတ် ဒဏ်ရာရခဲ့သည့် ဂျော်ဒန် ဟန်ဒါဆန် လေ့ကျင့်ခန်း ပြန်လည်ဆင်းနိုင်သည့် အတွက် ဝမ်းမြောက်ကြောင်း ရော်ဂျာက ဖွင့်ဟခဲ့သည်။

“ဂျော်ဒန် လေ့ကျင့်ခန်းဆင်းနိုင်တဲ့ အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ မနက်ဖြန် သူ့ရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို စောင့်ကြည့်ရပါဦးမယ်” ဟု ရော်ဂျာက ပြောကြားသွားခဲ့သည်။

Ref:goal

Logo Sponsors