|
Written by Admin Team
|
|
Wednesday, 30 June 2010 16:19 |
|
ပြီးခဲ့သည့် အင်္ဂလန် - ဂျာမနီ ပွဲစဉ်တွင် အင်္ဂလန် ကစားသမား လမ်းပတ် ကန်သွင်းသော ဘောလုံးသည် ဂိုးဧရိယာထဲ ၀င်သွားခဲ့ သော်လည်း ဒိုင်လူကြီး မမြင်ခဲ့သဖြင့် ဂိုးအဖြစ် သတ်မှတ်ခြင်း မခံခဲ့ရ သည်ကို တွေ့ရသည်။
ထို့ကြောင့် အင်္ဂလန် အသင်း ရှုံးနိမ့် ခဲ့ရခြင်းသည် ယင်းဂိုး မရခဲ့ခြင်းကြောင့် ဟူသည့် အချက်တစ်ချက် ပါဝင်လာပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက် ဆက်စပ်၍ သတင်းများ အများအပြား ထွက်ပေါ် လာခဲ့ရာ စိတ်ဝင်စားဖွယ် အချို့ကို ပြန်လည် ကောက်နုတ် တင်ပြလိုက်ရ ပါသည်။
ဗီဒီယို နည်းပညာကို အင်္ဂလန် ဒိုင်လူကြီး ထောက်ခံ
ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တာဝန် ထမ်းဆောင်နေသည့် တစ်ဦးတည်းသော အင်္ဂလိပ် ဒိုင်လူကြီး ဖြစ်သူ ဟောင်းဝပ် ၀က်ဘ်က ဘောလုံးကွင်း များတွင် ဗီဒီယို နည်းပညာများ အသုံးပြု ခြင်းကို ထောက်ခံကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့သည်။ "ဒိုင်တွေကို ပိုမို မှန်ကန်အောင် အထောက်အကူ ပေးတဲ့ ဘယ်ပစ္စည်းကို မဆို ကျွန်တော် သဘောထား ကြီးကြီးနဲ့ လက်ခံပါတယ်။ ဒီ အထောက်အကူပြု ပစ္စည်းတွေကို သုံးပြီး ကျွန်တော့်ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။ တခြား သူတွေ အတွက်တော့ ဒီလို ဆုံးဖြတ်ချက် ချဖို့ ကိုယ့်ဘာသာ ရွေးချယ်ရ မှာပါ။ နိုင်ငံတကာ ဘောလုံး ဘုတ်အဖွဲ့က ဒီ (ဂိုးစည်း နည်းပညာ) ကိစ္စကို ပြန်ပြီး စဉ်းစားတယ် ဆိုတာ ကျွန်တော် နားလည် ပါတယ်။ သူတို့ရဲ့ ဆွေးနွေးမှု ဘယ်လို အနေအထား ရှိမယ် ဆိုတာ ကျွန်တော်တို့ တွေ့ရပါမယ်။ ဘယ်လို ဆုံးဖြတ်ချက် ချသည်ဖြစ်စေ အဲဒီ အတိုင်း ကျွန်တော်တို့ လက်ခံ ဆောင်ရွက်သွား မှာပါ။ ကျွန်တော်တို့ဟာ အမြဲ ရှေ့ကို ချီတက်နေပြီး ကစားပွဲ တွေကို ကောင်းသထက် ကောင်အောင် လုပ်နေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လက်ရှိ အချိန်မှာ ဘောလုံး ဆိုတာ အားလုံးရဲ့ စိတ်ဝင်စားစရာ ပွဲလမ်းသဘင် တစ်ခုဆိုတာ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ တကယ့်ကို လှပတဲ့ ကစားပွဲတွေပါ။ ဘာတွေံ ဖြစ်လာမလဲ ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရအောင်" ဟု ၀က်ဘ်က ပြောကြားခဲ့သည်။
ဆုံးဖြတ်ချက် မှားယွင်းခဲ့သည့် ဒိုင်များကို ဖီဖာ ပြန်လည် စေလွှတ်
ဖီဖာသည် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲစဉ် များကို ကိုင်တွယ်မည့် ဒိုင်လူကြီးများ စာရင်း ထုတ်ပြန်ရာတွင် ဆုံးဖြတ်ချက် မှားယွင်းခဲ့သည့် ဒိုင်လူကြီး အချို့ကို ချန်လှပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒိုင်လူကြီး များမှာ အင်္ဂလန် - ဂျာမနီပွဲ ကိုင်တွယ် ခဲ့သည့် ဥရုဂွေး ကွင်းလယ်ဒိုင် ဂျော့ခ်ျ လာရီယွန်ဒါနှင့် စည်းကြပ်ဒိုင် မြူရီစီယို အက်စပင်နိုဆာ၊ အာ၈ျင်တီးနား - မက္ကဆီကိုပွဲ ကိုင်တွယ်ခဲ့သည့် အီတလီဒိုင် ရောဘတ်တို ရိုဆက်တီတို့ ဖြစ်ကြသည်။ ဒိုင်လူကြီး လာရီယွန်ဒါနှင့် စည်းကြပ်ဒိုင်သည် အင်္ဂလန် အသင်း ကန်သွင်း ခဲ့သော ဘောလုံး ဂိုးစည်းကျော် သွားခဲ့သော်လည်း ဂိုးမပေး ခဲ့သည့် ဒိုင်လူကြီးများ ဖြစ်ကြသည်။ ရိုဆက်တီ မှာမူ အာဂျင်တီးနား၏ အဖွင့်ဂိုးအား လူကျွံ အနေအထားဖြင့် သွင်းယူခဲ့ခြင်းကို ခွင့်ပြုပေး ခဲ့သောကြောင့် ဖြစ်သည်။ အင်္ဂလန်ဒိုင် ဟောင်းဝပ်ဝက်ဘ်၊ စည်းကြပ်ဒိုင် ဒါရင်ကန်နွန်နှင့် မိုက်ကယ် မူလာကေ တို့သည် နောက်တစ်ဆင့် အတွက် ရွေးချယ် ခံထားရကြောင်း သိရသည်။
ကာပယ်လိုကို FA ဘုတ် ဒါရိုက်တာ အဖွဲ့ဝင် ထောက်ခံနေဆဲ
FA ၏ ဘုတ်ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဖေးလ် ဂတ်ဆိုက်သည် အင်္ဂလန် နည်းပြ နေရာအတွက် ဖေဘီယို ကာပယ်လိုကို ထောက်ခံနေဆဲ ဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ အလုပ်အတွက် အကောင်းဆုံး လူတစ်ယောက် ရထားတာပါ။ ဒါဟာ သူ့ရဲ့အမှား မဟုတ်ပါဘူး။ သူဟာ အကောင်းဆုံး လုပ်ခဲ့တာ ဖြစ်ပြီး ဒီအတွက် ခံစားရ သင့်ပါတယ်။ သူဆက်ရှိနေဖို့ ကျွန်တော် မျှော်လင့်ပြီး ဆက်ရှိနေမယ် လို့လည်း ထင်ပါတယ်။ ကျွန်တော်တို့ ငွေကြေး အကြောင်း မပြောပါဘူး။ ကျွန်တော်တို့ အင်အား တောင့်တင်း လာဖို့ လိုအပ်ပါတယ်။ ဒါဟာ ပရိသတ်တွေနဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ မီဒီယာတွေရဲ့ ကိစ္စပါ" ဟု ဂတ်ဆိုက်က ပြောကြားခဲ့သည်။ ကာပယ်လို၏ အင်္ဂလန် အသင်းသည် ဂျာမနီကို (၄-၁)ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာ လာရခြင်း ဖြစ်သည်။
သိမ်းငှက်မျက်လုံး စနစ်ကို ပရီးမီးယားလိဂ် အတွက် အခမဲ့ တပ်ပေးမည်
တင်းနစ်နှင့် ခရစ်ကတ် ကစားနည်း များတွင် အောင်မြင်နေသော စောင့်ကြည့် သိမ်းငှက်မျက်လုံး စနစ် (Hawk-Eye) ကိုတီထွင်သူ ပေါလ် ဟော့ကင်စ်က ၎င်းအနေဖြင့် စပွန်ဆာ မူပိုင်ခွင့်သာ ရောင်းချရမည် ဆိုပါက ပရီးမီးယားလိဂ် ဘောလုံးကွင်း များတွင် သူ၏ စနစ်ကို အခမဲ့ လိုက်တပ် ပေးမည်ဟု ဆိုသည်။ "ကျွန်တော်တို့ဟာ စပွန်ဆာ မူပိုင်ခွင့် ကိုသာ ရောင်းချနိုင်မယ် ဆိုရင် ပရီးမီးယားလိဂ် ကွင်းတိုင်းမှာ ဒီစနစ်ကို အခမဲ့ လက်လံ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ စီးပွားရေး အရ အလားအလာ ရှိတယ်လို့ ထင်ရှားစေတဲ့ အရာ ဖြစ်ပြီး ငွေကြေးတန်ဖိုးက အဓိက မဟုတ်ပါဘူး" ဟု ဟော့ကင်စ်က ဆိုသည်။ သူသည် အင်္ဂလန် အသင်း၏ ဂိုးစည်းကျော် ပြဿနာ အပြီးတွင် သူ၏ စနစ်ကို ဘောလုံး အားကစား အတွက် အထူး ပြုလုပ်ကာ တပ်ဆင် ရောင်းချပေးရန် ဆန္ဒ ပြင်းပြလျှက် ရှိနေသည်။
ဗွီဒီယို နည်းပညာ သုံးခြင်းကို ဂန္တ၀င် ကစားသမား ဂျော့ဝီယာ ဝေဖန်
ဘောလုံး ပွဲများတွင် ဂိုးစည်း ကျော်မကျော်ကို ဗွီဒီယို နည်းပညာ သုံးမည့် အစီအစဉ်အား လိုက်ဘေးရီးယား ဂန္တ၀င် ကစားသမားကြီး ဂျော့ဝီယာက ဝေဖန်ကန့်ကွက် သွားခဲ့ကြောင်း သိရသည်။ "ကျွန်တော် ဒါကို ကန့်ကွက်ပါတယ်။ ကျွန်တော်တို့ ကင်မရာတွေ မလိုအပ် ပါဘူး။ ဘောလုံးပွဲ ဆိုတာ စိန်ခေါ်မှုတွေ လိုအပ်ပြီး ဒီစိန်ခေါ်မှု တွေကို ကျွန်တော်တို့ ကွင်းထဲ ယူလာရပါမယ်။ ဘောလုံးပွဲ တစ်ပွဲ လှပအောင် လူတွေရဲ့ စိတ်နဲ့ ဦးနှောက် ကိုပဲ အသုံးပြုသင့် ပါတယ်။ ဘောလုံးပွဲ ဆိုတာ အခွင့်အရေး တွေကို အသုံးချတာ ပါပဲ။ အင်္ဂလန် အသင်း အသင်းဟာ သူတို့ မျှော်လင့်ထားသလို မကစား နိုင်ခဲ့လို့ ဂျာမနီရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတယ်။ ဒါဟာ ဘောလုံးပါပဲ။ သူတို့ဟာ ဘောလုံး အင်အားကြီး နိုင်ငံဖြစ်ပြီး တစ်ဦးချင်း ထူးချွန်သူတွေ အများကြီး ပါဝင်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ စောစော အိမ်ပြန်ခဲ့ ရတယ်။ ဒါဟာ ပြိုင်ပွဲရဲ့ နာမ ၀ိသေသ လက္ခဏာပါပဲ။ မရလိုက်တဲ့ ဂိုးအကြောင်း ခဏမေ့ထား ရအောင်။ လူတိုင်း အမှားဆိုတာ လုပ်တတ် ကြတာချည်း ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ နည်းပညာတွေ ဘောလုံးကွင်းထဲ ယူလာဖို့ မပြောသင့်ဘူး။ အမှားဆိုတာ ဘယ်တော့ ဖြစ်ဖြစ် ရှိနေမှာပဲ။ စည်းကြပ်ဒိုင်ဟာ ဘောလုံးကို စည်းပေါ်မှာပဲ ရှိနေတယ်လို့ ထင်ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဘောလုံးဖြတ်သန်း သွားတဲ့ အနေအထား ကြောင့်ပဲ။ ဘားတန်းကို ထိပြီး အထဲဝင်သွားတယ်။ ဒါပေမယ့် သူ့နေရာကို သူပြန် ရောက်လာတယ်။ ဒါကြောင့် ဘောလုံး ဘာဖြစ်သွားတယ် ဆိုတာ သိနိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့် ဒီပွဲတွေကို ဒီထက်ပိုပြီး လှပအောင် ဘာတွေလုပ်မလဲ ဆိုတာ ကျွန်တော်တို့ ထိုင်ပြီး ဆွေးနွေး ကြရအောင်။ ဒါပေမယ့် ဘယ်သူမဆို ကစားလို့ ရအောင် အရမ်းလွယ်တဲ့ ပုံစံ ဖြစ်သွားအောင်တော့ မလုပ်ပါနဲ့" ဟု ဂျော့ဝီယာက ဆိုသည်။
|