|
Written by Admin Team
|
|
Thursday, 24 June 2010 03:55 |
|
ဇွန်လ ၂၃ ရက်နေ့က နဲယ်လ်စပရု မြို့၊ ဘွန်ဘဲလား ကွင်းတွင် ကစားခဲ့သော ကမ္ဘာ့ဖလား အုပ်စု (D) ပွဲစဉ်တွင် သြစတြေးလျ အသင်းက ဆားဘီးယား အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရ သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်တွင် သြစတြေးလျ အသင်းသည် ဆာဘီးယားထက် စာလျှင် နောက်တစ်ဆင့် တက်ရန် အခွင့်အလမ်း ပိုနည်းသော်လည်း တစ်သင်းလုံး အားကြိုးမာန်တက် ကစားခဲ့ သဖြင့် ပွဲမှာ စိတ်ဝင်စား စရာ ကောင်းခဲ့သည်။ ပွဲအစပိုင်း ၁၀ မိနစ် ပတ်ဝန်းကျင်တွင် ဆားဘီးယား ဘက်မှ ကရာဆစ်၊ အိုင်ဗန်နိုဗစ် စသည့် ကစားသမားများ ဂိုးသွင်းခွင့် ၃ ကြိမ်ထက် မနည်း ရရှိခဲ့သည်။ သြစတြေးလျ တို့အတွက် ပထမဆုံး ဂိုးသွင်းရန် အခွင့်အရေးကို ၁၃ မိနစ် တွင်မှ တင်ကာဟေး ရရှိခဲ့ကာ သူ၏ ခေါင်းတိုက်ချက် လွဲချော် ခဲ့သည်။ ထို့နောက် တွင်လည်း ကတ်ဇ်မန်နိုဗစ်၊ စတန်ကိုဗစ်၊ ဇီဂစ်တို့ သြစတြေးလျ နောက်တန်းကို ဆက်လက် ခြိမ်းခြောက် နိုင်ခဲ့ပြီး ဂိုးသမား ရှဝါဇာနှင့် သြစတြေးလျ နောက်တန်းများ အစွမ်းပြနိုင် ခဲ့၍သာ ဂိုးမရခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၄၅ မိနစ်တွင် အီမာတန်၏ ဖြတ်တင်ဘော အား ကနေဒီ ခေါင်းတိုက်ချက် ဆားဘီးယား ဂိုးသမား ကာကွယ်နိုင်ခဲ့ ပြီးနောက် ပထမပိုင်း ဂိုးမရှိ သရေ ဖြစ်ခဲ့သည်။
ဒုတိယပိုင်း တွင်လည်း ၂ ဘက် စလုံးမှ အကြိတ်အနယ် ကစားခဲ့ ကြပြီး အခွင့်အရေး များလည်း မကြာခဏ ရရှိခဲ့ ကြသည်။ ထို့နောက် သြစတြေးလျ ဘက်မှ ဟော်လ်မန်း၊ ချက်ပါဖီးလ် စသူတို့ ၀င်ရောက် လာလို ဆားဘီးယား ဘက်မှလည်း ပန်တဲလစ် ၀င်ရောက် လာခဲ့သည်။ လူစားလဲမှုများ အပြီးတွင် သြစတြေးလျ ကစားအား ပိုတက် လာခဲ့ပြီး ပွဲချိန် ၆၉ မိနစ်တွင် လုပ်ခ်ရှိုင်းယား ဖြတ်တင်ပေး သည်ကို တင်ကာဟေးလ် ခေါင်းတိုက်ကာ ဦးဆောင်ဂိုး ရရှိသွား ခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် နောက်ထပ် ၄မိနစ် အကြာ၌ လူစား ၀င်လာသည့် ဟော်လ်မန်းက သြစတြေးလျ အတွက် ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့ရာ ဒုတိယ အဆင့် အိပ်မက်များ ရှင်သန် လာခဲ့သည်။ သို့သော် ၈၄ မိနစ်တွင် ဆားဘီယားမှ တိုဆစ် လှမ်းကန်သည့် ဘောလုံးကို ဂိုးသမား ရှဝါဇာ ပုတ်ထုတ်ခဲ့ရာ ပန်တဲလစ်က ပြန်ဆည်ပြီး ဂိုးသွင်းယူ နိုင်ခဲ့သဖြင့် ဆားဘီးယားတို့ ချေပဂိုး ပြန်ရခဲ့သည်။ ထို့နောက် တွင်တော့ ၂ သင်းစလုံး ဂိုးထပ်မသွင်း နိုင်ကြတော့သည်ကို တွေ့ရသည်။
အဆိုပါ ရလဒ်ကြောင့် သြစတြေးလျနျင့် ဆားဘီးယား ၂ သင်း စလုံးသည် ပြိုင်ပွဲမှ ထွက်ခွာရပြီ ဖြစ်ပြီး တစ်ဘက် ပွဲမှ ဂျာမနီနှင့် ဂါနာ ၂ သင်းစလုံး နောက်တစ်ဆင့် တက်သွား ခဲ့ကြသည်။ တနည်းအားဖြင့် ဆိုလျှင် အခြေအနေ ကောင်းနေသည့် ဆားဘီးယားကို သြစတြေးလျက ဖျက်မြင်း လုပ်ခဲ့ခြင်း ဖြစ်ကာ ၎င်းတို့ ကိုယ်တိုင်လည်း အနိုင် ၃ မှတ်မှာ အဓိပ္ပါယ် မရှိ ဖြစ်ခဲ့ရသည်။

|