Friday, 24 May 2013
Home World World Cup Previews ကမ္ဘာ့ဖလား အုပ်စု A,B,C,D တို့၏ အုပ်စု ပတ်လည် ပထမ အကျော့ ပွဲစဉ်များ အကြို ခန့်မှန်း သုံးသပ်ချက် (ဇွန် ၁၁ မှ ဇွန် ၁၃ အထိ)

ကမ္ဘာ့ဖလား အုပ်စု A,B,C,D တို့၏ အုပ်စု ပတ်လည် ပထမ အကျော့ ပွဲစဉ်များ အကြို ခန့်မှန်း သုံးသပ်ချက် (ဇွန် ၁၁ မှ ဇွန် ၁၃ အထိ) PDF Print E-mail
Written by ဇင်သော်နိုင်   
Friday, 11 June 2010 10:17
Share |

အားလုံး မျှော်လင့် စောင့်စား နေကြတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ ဇွန်လ ၁၁ ရက်နေ့မှာ စတင် ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ Soccer Myanmar အယ်ဒီတာ အဖွဲ့ အနေနဲ့ ဒီပြိုင်ပွဲကြီးရဲ့ ပွဲကြို သုံးသပ်ချက် တွေကို အုပ်စု အဆင့် ပွဲစဉ်တွေမှာ တစ်ကြိမ်လျှင် ၈ ပွဲစီနဲ့ တစ်ကျော့ကို နှစ်ကြိမ် ရေးသား တင်ဆက် ပေးပါမယ်။



အခု ပထမဆုံး ပွဲကြို သုံးသပ်ချက် အနေနဲ့ ပထမ ၄ အုပ်စု ဖြစ်တဲ့ အုပ်စု A,B,C,D က အဖွင့်ပွဲစဉ် ၂ ပွဲစီ၊ စုစုပေါင်း ၈ ပွဲကို ဖော်ပြပေး သွားမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် ၈ ပွဲမှာ ပါရာဂွေး - ပြင်သစ်၊ အာဂျင်တီးနား - နိုက်ဂျီးရီးယား၊ အင်္ဂလန် - အမေရိကန်နဲ့ ဂျာမနီ - သြစတြေးလျ ပွဲစဉ်တွေ ပါဝင်တာကြောင့် အကြိတ်အနယ် ရှိမယ့် အနေအထား ဖြစ်ပါတယ်။

တောင်အာဖရိက - မက္ကဆီကို

ကစားမည့်နေ့ - ၁၁.၆.၂၀၁၀
ကစားမည့် အချိန် - ၂၀း၃၀ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း - ဆော်ကာ စီးတီး (ဂျိုဟန်စ်ဘတ်)

နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ်
တောင်အာဖရိက - W W D W W
မက္ကဆီကို - W W L L W

အဓိက ကစားသမားများ
တောင်အာဖရိက - စတီဗင် ပီနာ
မက္ကဆီကို - ရာဖေးလ် မားကွက်ဇ်

ခန့်မှန်းရလဒ်
တောင်အာဖရိက ၁-၀ မက္ကဆီကို

ပွဲသုံးသပ်ချက်

တောင် အာဖရိကဟာ အိမ်ရှင် အားသာချက်နဲ့ ကစားရမှာ ဖြစ်ပေမယ့် နည်းစနစ်ပိုင်း အရ ထူးချွန်တဲ့ မက္ကဆီကန် တွေကို လွယ်ကူမှာ မဟုတ်ပါဘူး။ ကမ္ဘာ့ဖလား ရဖူးတဲ့ နည်းပြကြီး ပရဲယားဟာ ပြိုင်ပွဲနီး တော့မှ တိုက်စစ်မှူး မက္ကာသီကို အံ့ဖွယ် ဖြုတ်ချ ပစ်ခဲ့တာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်း တာဝန် တစ်ခုလုံးဟာ အဲဗာတန် ကွင်းလယ်လူ ပီနာရဲ့ ပုခုံးပေါ်မှာ ပုံပြီးကျ လာပါတယ်။ မက္ကာသီဟာ တကယ်တမ်း မှာလည်း ပုံမှန် ကြံ့ခိုင်မှု ရဖို့ ရုန်းကန် နေရပြီး ကိုယ်အလေးချိန် တွေကလည်း မတန်တဆ တက်နေတဲ့ သူပါ။ ပီနာ ကတော့ ပြီးခဲ့တဲ့ ရာသီမှာ အဲဗာတန် အသင်းနဲ့အတူ တောက်ပခဲ့တဲ့ သူပီပီ ဒီပွဲမှာ ၀ါရင့် ကွင်းလယ်လူ မိုကိုနာနဲ့ အတွဲညီညီ အစွမ်းပြ နိုင်ဖွယ် ရှိပါတယ်။ မက္ကဆီကို ကတော့ ပြီးခဲ့တဲ့ ရာသီမှာ ဒဏ်ရာကြောင့် ဘာစီလိုနာမှာ ရုန်းကန် နေခဲ့ရတဲ့ မားကွက်ဇ်ကို ကွင်းလယ် တင်ပြီး ကစားခိုင်းဖွယ် ရှိပါတယ်။ မက္ကဆီကို ကစားသမား တွေဟာ ပြီးခဲ့တဲ့ အင်္ဂလန်၊ အီတလီ တို့နဲ့ ခြေစမ်းပွဲ တွေဟာ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကို အစွမ်းပြနိုင် ခဲ့ကြပါတယ်။ ဒီပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမား ကတော့ မန်ယူ အသင်းက ဒီရာသီမှာ အသစ် စာချုပ် ထားတဲ့ ၂၁ နှစ်သား တိုက်စစ်မှူးလေး ဂျာဗီးယား ဖာနန်ဒက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် တွေဟာ မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်လေ့ ရှိပြီး ဆီနီဂေါ ကတောင် ပြင်သစ်လို အသင်းမျိုးကို နိုင်ဖူးပါတယ်။ ဒါပေမယ့်လည်း အဖွင့်ပွဲ အဖြစ် ၄ကြိမ် ကစားခဲ့ဖူးရာမှာ ၃ကြိမ် ရှုံးပြီး နိုင်ပွဲ မရဖူးတဲ့ မက္ကဆီကိုရဲ့ အစဉ်အလာ ကိုလည်း ထည့်တွက် ရမယ် ထင်ပါတယ်။ ဒီပွဲမှာလည်း တောင်အာဖရိက အသင်းက ပရိသတ် ၉၀၀၀၀ ကျော်ရဲ့ အားပေးမှုနဲ့ ကစားသမား ၁၂ ယောက်လို သဘောထား ကစားပြီး အနိုင်ရ သွားမယ် ထင်ပါတယ်။

ဥရုဂွေး - ပြင်သစ်

ကစားမည့်နေ့ - ၁၂.၆.၂၀၁၀
ကစားမည့် အချိန် - ၁း၀၀ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း - ကိပ်တောင်း (ကိပ်တောင်း)

နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ်
ဥရုဂွေး - W W D W L
ပြင်သစ် - L W L D W

အဓိက ကစားသမားများ
ဥရုဂွေး - ဒီယေဂို ဖော်လန်
ပြင်သစ် - ဖရန့်ခ် ရီဘာရီ

ခန့်မှန်းရလဒ်
ဥရုဂွေး ၁-၂ ပြင်သစ်

ပွဲသုံးသပ်ချက်

ကမ္ဘာ့ဘောလုံး သမိုင်းမှာ အစဉ်အလာ ကြီးမားတဲ့ အသင်း ၂ သင်း ထိပ်တိုက် တွေ့တဲ့ပွဲ ဖြစ်ပါတယ်။ ဥရုဂွေး အသင်းဟာ ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူး တွေနဲ့ တောင်အမေရိက ခံစစ်ကို ရောသမမွှေ ထားတဲ့ အသင်း ဖြစ်ပါတယ်။ တိုက်စစ်မှာ လူငယ်နဲ့ အတွေ့အကြုံရင့် ပေါင်းစပ်ထားတဲ့ တိုက်စစ်အတွဲ ဖြစ်တဲ့ ဆွာရက်နဲ့ ဖော်လန်တို့ အတွဲရှိပါတယ်။ သူတို့ဟာ ကလပ် အတွက်ရော၊ နိုင်ငံ အတွက်ပါ ဂိုးတွေ ပုံမှန်သွင်းပေး နေတဲ့ ကစားသမား တွေပါ။ တောင်အမေရိကမှာ ဘရာဇီးလ်နဲ့ အာဂျင်တီးနား ပြီးရင် တတိယ ဘောလုံး အဆင့် အမြင့်ဆုံး အသင်း ဖြစ်သလို နောက်ဆုံး ကစားခဲ့တဲ့ ၉ ပွဲမှာ ပေးဂိုး ၁ ဂိုးထက် ပိုပေးခဲ့ရတဲ့ပွဲ မရှိခဲ့ပါဘူး။ ပြင်သစ် အသင်းကတော့ အရည်အသွေးရှိ ကစားသမားကောင်း ပေါများတဲ့ အသင်း ဖြစ်ပေမယ့် ၂၀၀၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ရောက်ခဲ့ပြီးတဲ့ နောက်ပိုင်း ခြေစွမ်း အကျပိုင်းကို တောက်လျှောက် ထိုးဆင်း နေပါတယ်။ အသင်းခေါင်းဆောင် ခန့်ထားတဲ့ တိုက်စစ်မှူး အွန်နရီ ကလည်း ပွဲထွက်တောင် ပုံမှန် မပါရလို့ အီဗရာကို ကပ္ပတိန် လက်ပတ် လွှဲပေးရတာ မကြာခဏ ပါပဲ။ ဒါပေမယ့် ပြင်သစ်တို့ အတွက် မျှော်လင့်စရာ ကစားသမား ရီဘာရီနဲ့ ဂေါကပ်ဖ် တို့လို ကစားသမားတွေ ရှိနေပါ သေးတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားမှာ အံ့ဖွယ်ခြေစွမ်း ပြခဲ့ပြီး ကလပ်အသင်း မှာလည်း တောက်လျှောက် ခြေမှန်နေတဲ့ ရီဘာရီဟာ ပြင်သစ် အသင်းကို အဆင့်အတန်း ရှိရှိ ကစားနိုင်အောင် ပံ့ပိုးပေး နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

တောင်ကိုရီးယား - ဂရိ

ကစားမည့်နေ့ - ၁၂.၆.၂၀၁၀
ကစားမည့် အချိန် - ၁၈း၀၀ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း - နယ်လ်ဆင် မန်ဒဲလား ပင်လယ်အော် (ပို့တ် အဲလိဇဘက်)

နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ်
တောင်ကိုးရီးယား - L L W W W
ဂရိ - L D L W D

အဓိက ကစားသမားများ
တောင်ကိုးရီးယား - ပတ်ချူယောင်း
ဂရိ - သီယိုဖာနစ် ဂီးကပ်စ်

ခန့်မှန်းရလဒ်
တောင်ကိုရီးယား ၂-၁ ဂရိ

ပွဲသုံးသပ်ချက်

ကမ္ဘာ့အဆင့် ၄၇ ရှိတဲ့ တောင် ကိုရီးယားဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ရောက်ဖူးတဲ့ တစ်သင်းတည်းသော အာရှ အသင်းပါ။ ပတ်ဂျီဆန်၊ ပတ်ချုယောင်း စတဲ့ ဥရောပရောက် ကစားသမား တွေ အများအပြား ပါဝင်နေပြီး လူငယ်တွေနဲ့ သမ္ဘာရင့် ကစားသမား တွေကို ပေါင်းစပ်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ သူတို့ထဲက တစ်ချို့ဟာ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ပါဝင်ခဲ့ ကြသူများ ဖြစ်ပြီး လူငယ် မျိုးဆက်သစ် တွေကတော့ ဥရောပ ဘောလုံး ကင်းထောက် တွေတောင် စိတ်ဝင်စား နေတဲ့ အရည်အသွေးမြင့် ကစားသမားတွေ ဖြစ်ပါတယ်။ နောက်ဆုံး ခြေစမ်းပွဲတွေမှာ အိုင်ဗရီကို့စ်၊ ဂျပန်၊ အီကွေဒေါ အသင်းတွေကို အနိုင်ယူ ခဲ့ပြီး စပိန်လို အသင်းမျိုးကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံး ခဲ့တာကို ကြည့်ရင် တောင်ကိုရီးယားရဲ့ ဘောလုံးအဆင့် မနိမ့်ဘူး ဆိုတာ သိနိုင်ပါတယ်။ ဂရိဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ယခင်က တစ်ကြိမ် ပြိုင်ခဲ့ဖူးပေမယ့် သွင်းဂိုးမရှိ၊ ရမှတ် မရှိဘဲ ပွဲတိုင်းရှုံး အနေအထားနဲ့ ထွက်ခဲ့ရတာပါ။ နည်းပြ ရီဟာဂျယ် ကတော့ ယူရို ၂၀၀၄ က လိုမျိုး ပရိသတ် အံ့သြစရာ လုပ်ပြဦးမယ် ဆိုပေမယ့် တကယ်တမ်း လက်တွေ့ အခြေအနေ နဲ့ကတော့ ကွာခြားလွန်း နေပါတယ်။ ဂရိဟာ နောက်ဆုံး ကစားခဲ့တဲ့ ခြေစမ်းပွဲ တွေမှာ ပါရာဂွေး၊ ဆီနီဂေါ တို့ကို ရှုံးခဲ့ပြီး မြောက်ကိုရီးယားကို သရေ ကျထားတယ်။ ပွဲတိုင်းမှာ ပေးဂိုး ၂ ဂိုးနဲ့ အထက် ရှိခဲ့တယ်။ တိုက်စစ်မှာ ဂီးကပ်စ်နဲ့ ခရစ္စတေ့ တို့ကို အားကိုးလို့ ရနိုင်ပေမယ့် ခံစစ်မှာ လုံးဝ အပေါက်ကြီး ဖြစ်နေတယ်။ ဒီအချက်ကိုသာ အချိန်မီ မပြုပြင် နိုင်ဘူး ဆိုရင် ဂရိတို့ အရင်တစ်ခေါက် လိုပဲ ရမှတ်မရှိနဲ့ ထွက်သွားရ နိုင်တယ်။

အာဂျင်တီးနား - နိုက်ဂျီးရီးယား

ကစားမည့်နေ့ - ၁၂.၆.၂၀၁၀
ကစားမည့် အချိန် - ၂၀း၃၀ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း - အဲလစ်ပါ့ခ် (ဂျိုဟန်စ်ဘတ်)

နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ်
အာဂျင်တီးနား - W W W W W
နိုက်ဂျီးရီးယား - W D D W W

အဓိက ကစားသမားများ
အာဂျင်တီးနား - လီယွန်နယ် မက်ဆီ
နိုက်ဂျီးရီးယား - ယာကူဘူ

ခန့်မှန်းရလဒ်
အာဂျင်တီးနား ၂-၀ နိုက်ဂျီးရီးယား

ပွဲသုံးသပ်ချက်

အာဂျင်တီးနား နည်းပြကြီး မာရာဒိုနာဟာ အာဂျင်တီးနား နောက်ဆုံး လူစာရင်းကို ဖြတ်ရာမှာ အံ့ဖွယ် ရွေးချယ်မှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ အသက် ၃၆ နှစ် ရှိပြီဖြစ်ပြီး ဥရောပက လွင့်သွားရပြီ ဖြစ်တဲ့ ကွင်းလယ်လူ ဗာရွန်ကြီးကို ပြန်ရွေးချယ် ခဲ့ပေမယ့် အင်တာနဲ့အတူ ဖလား ၃ လုံး ရခဲ့တဲ့ ဇနက်တီ၊ ကမ်ဘီယာဆို တို့ကို ချန်လှပ်ခဲ့ တာကြောင့် ပရိသတ်တွေ နားမလည်နိုင် ဖြစ်ခဲ့ကြရတယ်။ ဒါ့အပြင် အာဂျင်တီးနားဟာ တိုက်စစ်မှူး ကောင်းတွေ တလှေကြီး ရှိနေလို့ အသင်း ဟန်ချက် မညီမှာ ကိုတောင် စိုးရိမ်စရာ ဖြစ်လာရတယ်။ ဒါကြောင့် မာရှေယာနိုကို ကွင်းလယ် ဟန်ချက်ထိန်းဖို့ မာရာဒိုနာ မဖြစ်မနေ ထည့်ရတော့မယ်။ မက်ဆီ၊ တီဗက်၊ အဂူရို၊ ဟီဂူအင် တို့အပြင် ဂိုးသွင်းနှုန်း မြင့်တဲ့ တောင်ပံ ကစားသမား ဒီမာရီယာ တို့ပါ ရှိနေလို့ မာရာဒိုနာ အတွက် ဒေါင်ဒေါင်မြည် ၂ ယောက် ရွေးချယ်ရာမှာ ခေါင်းခဲစေ လောက်တယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ တစ်လျှောက်မှာ အာဖရိက အကောင်းဆုံး အသင်း ဖြစ်ခဲ့တဲ့ နိုက်ဂျီးရီးယား ကတော့ ဆွီဒင် နည်းပြဟောင်း လာဂျာဘတ်နဲ့ အံဝင်နေတယ်။ မီခေးလ်လို အားထားရတဲ့ ကွင်းလယ် ကစားသမားကို ဒဏ်ရာကြောင့် ဆုံးရှုံး လိုက်တာကတော့ နိုက်ဂျီးရီးယား အတွက် အထူးပဲ နစ်နာပါတယ်။ ဥရောပရောက် ကစားသမား ကောင်းတွေ ပေါများတဲ့ အပြင် အရန်ခုံ ပေါ်ကနေ ထပြီး ပွဲရဲ့ အဖြေကို ပြောင်းပေးမယ့် ကနူးတို့လို ကစားသမား တွေပါ ပါဝင်နေတယ်။ ဒါပေမယ့် နိုက်ဂျီးရီးယားဟာ ပြိုင်ပွဲအကြို ပြင်ဆင်မှု အားနည်းတဲ့ အပြင် အာဂျင်တီးနားရဲ့ စဉ်ဆက်မပြတ် တိုက်စစ် ကစားဟန်ကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ အာဂျင်တီးနားပဲ အသာရ ပါလိမ့်မယ်။

အင်္ဂလန် - အမေရိကန်

ကစားမည့်နေ့ - ၁၃.၆.၂၀၁၀
ကစားမည့် အချိန် - ၁း၀၀ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း - ရွိုင်ရယ် ဘာဖိုကန်း (ရူစတန်ဘတ်)

နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ်
အင်္ဂလန် - W W W L W
အမေရိကန် - W L L W L

အဓိက ကစားသမားများ
အင်္ဂလန် - ၀ိန်းရွန်နေ
အမေရိကန် - လန်ဒန် ဒိုနိုဗန်

ခန့်မှန်းရလဒ်
အင်္ဂလန် ၂-၁ အမေရိကန်

ပွဲသုံးသပ်ချက်

ဒီနှစ်သင်း တွေ့ဆုံမှုဟာ စာရွက်ပေါ် မှာတော့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်နေပါတယ်။ အင်္ဂလန်နဲ့ အမေရိကန်ဟာ သမိုင်း တစ်လျှောက် ၉ ကြိမ် တွေ့ခဲ့ဖူး ရာမှာ အင်္ဂလန်က ၇ ကြိမ် နိုင်ထားတယ်။ အံ့သြစရာ ကောင်းတာက အဲဒီ ၉ ပွဲမှာ နှစ်ဘက်သွင်းဂိုး ၄၃ ဂိုး အထိ ရှိခဲ့တာကြောင့် တစ်ပွဲ ပျမ်းမျှ ၅ ဂိုးလောက် သွင်းခဲ့ကြ တာပါပဲ။ အင်္ဂလန် အသင်းဟာ ကာပယ်လို လက်ထက်မှာ ပွဲစဉ် ၂၄ ပွဲ ကစားခဲ့တဲ့ အနက် ၄ ပွဲပဲ ရှုံးခဲ့တယ်။ အနိုင် ၇၅ ရာခိုင်နှုန်း ရှိခဲ့ပြီး အင်္ဂလန်ရဲ့ ရွှေရောင် မျိုးဆက်လို့ တင်စားခံရတဲ့ မျိုးဆက် တစ်ဆက်ရဲ့ အကောင်းဆုံး အချိန် ရောက်နေပါတယ်။ အသင်း ခေါင်းဆောင် ဖာဒီနန် ဒဏ်ရာကြောင့် ထွက်သွားလို့ လက်ဒလေကင်းကို အစားထိုး ထားရပြီး ဂျရတ်က အသင်း ခေါင်းဆောင် ဖြစ်လာတယ်။ ကွင်းလယ်မှာ ဂျရတ်နဲ့ လမ်းပတ် အတွဲကိုပဲ မြင်ရဖို့ ရှိပြီး ရွန်နေက အထူး သတိထား ရမယ့် ကစာသမား ဖြစ်လာတယ်။ သူတို့ဟာ ဂျပန် အသင်းနဲ့ ခြေစမ်းပွဲမှာ နိုင်ခဲ့ ပေမယ့်လည်း အနိုင်ဂိုး ၂ ဂိုးလုံးကို ကိုယ့်ဂိုး ကိုယ်ပြန်သွင်း ရာကနေ ရခဲ့တာကို တွေ့ရတယ်။ အမေရိကန် အသင်း ကတော့ ခြေစမ်းပွဲ တွေမှာ ရလဒ်ပိုင်း အားရစရာ သိပ်မရှိဘူး။ ဒါပေမယ့် ကွင်းလယ်ရော တိုက်စစ်ပါ ကစားနိုင်တဲ့ ဒိုနိုဗန်နဲ့ ဒမ့်ဆေး၊ ဂိုးသမား တင်ဟောင်းဝပ် တို့ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ ဖောဖောသီသီ ရှိနေတာကြောင့် အသင်းကို ကောင်းကောင်း အကျိုးပြု နိုင်လိမ့်မယ်။ အမေရိကန် နောက်တန်း ကတော့ "ကလေး မျက်နှာနဲ့ လူသတ်သမား" လို့ တင်စား ခေါ်ကြတဲ့ ရွန်နေနဲ့ အစမ်းသပ် ခံရမယ်။ တကယ်လို့များ ဘိုကာ နီဂရာနဲ့ ချီယန်ဒိုလို တို့ဟာ ရွန်နေကို ထိန်းနိုင်ခဲ့မယ် ဆိုရင် ဒါဟာ သူတို့ တစ်ဘ၀လုံးမှာ အကောင်းဆုံး စွမ်းဆောင်မှု လို့တောင် သတ်မှတ်ရမယ်။ အကြိတ်အနယ် ရှိမယ့်ပွဲ ဖြစ်ပြီး ပေါက်ကွဲမှုနှုန်း အရမ်းမြင့်တဲ့ အင်္ဂလန်ကို အမေရိကန် ရေရှည်တောင့် မခံနိုင်ပါဘူး။

အယ်လ်ဂျီးရီးယား - ဆလိုဗေးနီးယား

ကစားမည့်နေ့ - ၁၃.၆.၂၀၁၀
ကစားမည့် အချိန် - ၁၈း၀၀ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း - ပီတာ မိုကာဘာ (ပိုလော့ခ်ဝိန်း)

နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ်
အယ်လ်ဂျီးရီးယား - W L L L L
ဆလိုဗေးနီးယား - W W W L W

အဓိက ကစားသမားများ
အယ်လ်ဂျီးရီးယား -ရာဖစ် ဆာအီဖီ
ဆလိုဗေးနီးယား - နိုဗာကိုဗစ်

ခန့်မှန်းရလဒ်
အယ်လ်ဂျီးရီးယား ၀-၁ ဆလိုဗေးနီးယား

ပွဲသုံးသပ်ချက်

၂၄ နှစ် အကြာမှာ ကမ္ဘာ့ဖလားကို တကျော့ပြန် ရောက်လာတဲ့ အယ်လ်ဂျီးရီးယားဟာ တစ်ခါမှ အုပ်စုအဆင့် ကနေ မကျော်နိုင် သေးပါဘူး ဒါကြောင့် ဒီပွဲမှာ တိုင်းပြည်အတွက် မှတ်တမ်းသစ် ရေးထိုးဖို့ အယ်လ်ဂျီးရီးယား သားတွေ အလိုရှိ နေပါတယ်။ သက်တော်ရှည် နည်းပြကြီး ဆာဒင်းဟာ အသင်းကို စီမံကွပ်ကဲမှု အပိုင်း၊ စည်းကမ်းပိုင်းနဲ့ စုစည်းမှု အပိုင်းတွေ တိုးတက်လာအောင် ပြုပြင်နိုင်ခဲ့ ပါတယ်။ သူဟာ ၁၉၈၂ ကမ္ဘာ့ဖလားမှာ အယ်လ်ဂျီးရီးယား အသင်း အနောက် ဂျာမနီကို နိုင်တော့ နိုင်တော့ နည်းစနစ် အဖွဲ့ဝင် တစ်ဦး အနေနဲ့ ပါဝင်ခဲ့ပါ သေးတယ်။ ဆလိုဗေးနီးယား နိုင်ငံ ကလည်း လွတ်လပ်ရေး ရပြီးတဲ့နောက် ၂၀၀၂ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့် ရခဲ့ပေမယ့် ရမှတ် လုံးဝ မရှိဘဲ ထွက်ခွာခဲ့ ရပါတယ်။ သူတို့ဟာ "Underdog"လို့ ခေါ်တဲ့ အသင်းငယ် အဆင့်ကို ရောက်နေပေမယ့် နည်းပြကြီး ကတော့ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ ဆန္ဒပြင်းပြ နေကြပါတယ်။ ဒီပွဲဟာ ကွင်းလယ် ဘောလုံးကို ထိန်းပြီး အမှားစောင့်ကစား ကြမယ့် ပွဲမျိုး ဖြစ်လို့ ဂိုးသမားတွေ အလုပ် သိပ်မများဘဲ သရေကျ သွားဖို့ များပါတယ်။ ဒါပေမယ့် ဂိုးသွင်းခြေ နည်းနည်း ပိုရှိတဲ့ ဆလို ဗေးနီယားကို နည်းနည်း ပိုကြိုက်မိတယ်။

ဆားဘီးယား - ဂါနာ

ကစားမည့်နေ့ - ၁၃.၆.၂၀၁၀
ကစားမည့် အချိန် - ၂၀း၃၀ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း - လော့ဖ်တပ် ဗက်စ်ဖဲလ်ဒ် (ပရီတိုးရီးယား)

နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ်
ဆားဘီးယား - W W L D W
ဂါနာ - W L W W W

အဓိက ကစားသမားများ
ဆားဘီးယား - ကရာဆစ်
ဂါနာ - အဆာမိုအာ

ခန့်မှန်းရလဒ်
ဆားဘီးယား ၁-၀ ဂါနာ

ပွဲသုံးသပ်ချက်

ဒီနှစ်သင်းစလုံးဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အသားပေး ကစားတတ်တဲ့ အသင်းမို့ အနည်းငယ် ကြမ်မယ့်သဘော ရှိပြီး အ၀ါ၊ အနီတွေ ပြခံရနိုင်တယ်။ ဂါနာ အသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လူသိများ သွားတဲ့ အသင်း တစ်သင်းပါ။ ဥရောပရောက် ကစားသမား အများအပြား ပါဝင်နေလို့ ပရိသတ်နဲ့ မစိမ်းတဲ့ အသင်းလို့လည်း ဆိုနိုင်ပါတယ်။ သူတို့ဟာ နောက်ဆုံး ၉ ပွဲမှာ ၅ ပွဲ နိုင်ထားပြီး နိုင်ပွဲတိုင်းကို (၁-၀)ဂိုးနဲ ရခဲ့တာ ဆိုတော့ ခံစစ် သိပ်သည်းတယ်လို့ အကြမ်းဖျင်း ဆိုနိင်ပါတယ်။ ဒါပေယ့် ဟော်လန်နဲ့ ပွဲမှာ ၄ ဂိုးပေးပြီး ရှုံးခဲ့ရ တာကြောင့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ တွေ့ရပါတယ်။ ကွင်းလယ် ဗိုလ်ချုပ် အက်ဆီယန် မပါနိုင်တဲ့ အတွက်လည်း အသင်းရဲ့ တိုက်စစ် ပုံဖော်မှု အပိုင်း ကျဆင်းသွားတယ်။ ဆားဘီယား ကတော့ ခံစစ် မာကျောမှုကို ဦးစားပေး ကစားတယ်။ ဂီဇစ်၊ ဗီဒစ်၊ အိုင်ဗန်နိုဗစ် တို့လို အရပ်အမောင်း ကောင်းတဲ့ ခံစစ်မှူး တွေကြောင့် ဇုန်အလိုက် အနီး အဝေး အနိမ့် အမြင့် အားလုံးကို ရှင်းထုတ်နိုင်တယ်။ ဒီပွဲမှာလည်း ဆားဘီးယား နောက်တန်းတွေဟာ ဂါနာ တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ် နိုင်မယ်လို့ မြင်တယ်။ သရေကျဖို့ များနေပြီး ဂိုးသွင်းခြေ ရှိတဲ့ ဆားဘီးယားကို နည်းနည်း ပိုကြိုက်မိတယ်။

ဂ်ာမနီ - ၾသစေၾတးလ်

ကစားမည့်နေ့ - ၁၄.၆.၂၀၁၀
ကစားမည့် အချိန် - ၁း၀၀ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း - မော့ဆက် မက်ဘ်ဟီဒါ (ဒါဘန်)

နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲရလဒ်
ဂျာမနီ - W W W L W
ၾသစေၾတးလ် - L W W W D

အဓိက ကစားသမားမ်ား
ဂျာမနီ - ရှဝိန်း စတိုင်ဂျာ
သြစတြေးလျ - တင်ကာဟေးလ်

ခန့်မှန်းရလဒ်
ဂ်ာမနီ ၂-၀ ၾသစေၾတးလ်

ပွဲသုံးသပ်ချက်

ကမ္ဘာ့ဖလား၃ ကြိမ်ရ ဂျာမနီနဲ့ တရိပ်ရိပ် ခြေတက်နေတဲ့ သြစတြေးလျတို့ တွေ့ဆုံမှုဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူတို့ နှစ်သင်းဟာ ကမ္ဘာ့ဖလားမှာ ၂ ကြိမ် တွေ့ဆုံ ခဲ့ဖူးပြီး ပထမ တစ်ကြိမ်မှာ ဂျာမန်တို့ ၇ ဂိုးပြတ် နိုင်ခဲ့ပေမယ့် နောက်တစ်ကြိမ် မှာတော့ (၄-၃) ဂိုးနဲ့ ပွတ်ကာ သီကာ အနိုင်ရခဲ့တယ်။ ဂျာမနီဟာ အဓိက ကစားသမား ဘောလက်ကို ဒဏ်ရာကြောင့် လက်လွှတ် ခဲ့ရပြီးနောက် ကွင်းလယ် ဗဟိုမှာ ကစားသမား ၂ ယောက်သာ ကျန်တော့တာ တွေ့ရတယ်။ ဒါပေမယ့် နောက်တန်း ဗဟို ကစားသမား အချို့ဟာ ကွင်းလယ်မှာ ကစားနိုင်လို့ ဒီပြဿနာကို အထိုက်အလျှောက် ပြေလည် စေလိမ့်မယ်။ ဘောလက် မရှိတော့တဲ့နောက် ကစားကွက် ဖန်တီးသူ တာဝန်ကို ရှဝိန်း စတိုင်ဂျာနဲ့ ဖိလစ် လမ်းတို့ အပြည့်အ၀ တာဝန်ယူ ကြရလိမ့်မယ်။ ဘရာဇီးလ် နွယ်ဖွား ကစားသမားလေး ကာကူဟာ စောင့်ကြည့်ရမယ့် ကစားသမား စာရင်းမှာ ပါဝင်နေတယ်။ ကလိုဆေး ကတော့ ပုံမှန်ခြေစွမ်း ပြန်မရသေးတာ တွေ့ရတယ်။ သြစတြေးလျ အသင်းကတော့ အမေရိကန်ကို ဂိုးပြတ် ရှုံးပြီးတဲ့ နောက်ပိုင်း ကစားသမားတွေ အသက်ကြီး လွန်းတယ်လို့ ဝေဖန် ခံနေရတယ်။ တိုက်စစ်ပိုင်း ဟာလည်း အားနည်းနေပြီး ခံစစ်ကို အားပြုလွန်းတယ်လို့ ဆိုကြတယ်။ ဒီအသင်းမှာ ၂၀၀၆ က ဒုတိယ အဆင့် ရောက်ခဲ့တဲ့ သြစတြေးလျ အသင်း ကစားသမား တော်တော်များများ ပြန်ပါလာတယ်။ တင်ကာဟေး ပုံမှန်ခြေစွမ်း ရှိနေပြီး ကီးဝဲလ် ကတော့ ဒဏ်ရာ ပြဿနာ တွေနဲ့ လုံးလည်ချာလည် လိုက်နေတယ်။ ဒီပွဲဟာ တိုက်စစ် အားသန်တဲ့ ဂျာမနီနဲ့ ခံစစ်အားပြုတဲ့ သြစတြေးလျ အားပြိုင်ပွဲလို့ ဆိုနိုင်တယ်။ ဂျာမနီမှာ ဘောလက် မပါတာတောင် သြစတြေးလျတို့ ရေရှည် တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ ဂျာမနီပဲ နိုင်သွားလိမ့်မယ် ထင်ပါတယ်။

 

Last Updated on Friday, 11 June 2010 21:53
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.