| ဘောလုံးပွဲဆိုတာ အနုပညာတစ်ခုပါပဲ ဆိုတဲ့ စာရေးဆရာ မင်းလူနှင့် တွေ့ဆုံခြင်း (ဒုတိယပိုင်း) |
|
|
|
| Written by ဇင်သော်နိုင် |
| Tuesday, 10 February 2009 15:47 |
ပြီးခဲ့တဲ့ အပတ်က ပထမပိုင်း အဖြစ် ဖော်ပြပေးခဲ့ပြီး ဖြစ်တဲ့ ဆရာမင်းလူနဲ့ အင်တာဗျူး ဒုတိယပိုင်းကို Soccer Myanmar Football Website ရဲ့ ပရိသတ်ကြီးထံ ဆက်ပြီး တင်ဆက်ပေးလိုက်ရပါတယ်။ မေး - ဒီနှစ် ပရီးမီးယား လိဂ်မှာ ဘယ်သူဗိုလ်စွဲ နိုင်မလဲ ဆိုတာကို ခန့်မှန်းပေးပါဦး ဆရာ။ဖြေ - လက်ရှိ အခြေအနေ အရတော့ မန်ယူကိုပဲ တစ်ပေးရမှာပါပဲ။ သူ့တို့မှာ အရန် အင်အား တောင့်တင်းတယ်။ အဓိက က ရွန်နီ၊ ဘာဘာတော့ဗ်နဲ့ တီဗက်ဇ်တို့လို ဒေါင်ဒေါင်မြည် တိုက်စစ်မှူး သုံးယောက် ရှိတယ်။ ဒီသုံးယောက်က နှစ်ယောက် နာသွားမယ် ဆိုရင်တောင် ကိစ္စ မရှိဘူး။ တစ်ယောက်တည်း အထောင်တင်ပြီး ကွင်းလယ်အားနဲ့ ကစားလို့ ရတယ်။ သူ့ ကွင်းလယ် ကစားသမား တွေကလည်း ဂိုးမသွင်း နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ နောက်ဆုံး ဖာဒီနန်တို့ ဗီဒစ် တို့ကတောင် ခေါင်းတိုက်ပြီး ဂိုးသွင်းနိုင်တယ်။ လီဗာပူးလ်မှာက တောရက်စ် မရှိရင် အားနည်း သွားတယ်။ ဂျရတ်က နှစ်ဆတိုးပြီး ရုန်းရသလို ဖြစ်နေတယ်။ ရော်ဘီကိန်း ကို ထုတ်ရောင်း လိုက်တာလည်း မှားတယ်။ ဒါပေမယ့် တစ်ခုရှိတာက မန်ယူမှာ တခါတလေ ဖြစ်တတ်တာ ရှိတယ်။ အဲဒါကတော့ ရာသီကုန် ခါနီးမှာ ဘယ်သူ့ကို ဘယ်ကခေါ်မယ်။ ဖာဂူဆန်နဲ့ ဘယ်သူနဲ့ ဘာဖြစ်တယ် ဆိုတဲ့သတင်းတွေ ထွက်လာ တတ်တာပါပဲ။ ပြီးတော့ သူတို့က အမြဲနိုင်နေကျ အသင်းဖြစ်လို့ တခါတလေ မထင်မှတ်ဘဲ ဂိုးစသွင်း ခံရတာတို့၊ သူတို့ဆင်တဲ့ အကွက်ထဲ မရောက်တာတို့ ဖြစ်လာရင် အခက်တွေ့ လေ့ရှိတယ်။ လီဗာပူးလ် ကတော့ ရှင်းတယ်။ သူ့မှာရှိတဲ့ လူအင်အားနဲ့ နောက်ဆုံး အချိန်ထိ လူညီညီ ကစားတတ်တယ်။ ဒီလို ဘောလုံးသမားတွေ၊ နည်းပြတွေရဲ့ ညီညွတ်မှုနဲ့ စိတ်ဓာတ်ကြောင့် လီဗာပူးလ်လည်း ဗိုလ်စွဲနိုင်ပါတယ်။ ချယ်လ်ဆီး ကတော့ စကိုလာရီနဲ့ဆို အဆင်မပြေဘူး။ သူက နိုင်ငံအသင်း ကိုင်လာတဲ့ နည်းပြဆိုတော့ ကလပ် အသင်းတွေ ကိုင်တွယ်တဲ့အခါ အဆင်မပြေဘူး။ ငွေကြေးကိစ္စ အခြေအနေတွေ မတူတော့ဘူး။ ပြီးတော့ စိတ်ဓာတ်လဲ မရှိဘူး။ ဒရော့ ဘာလို တိုက်စစ်မှူးမျိုးကို ဘရာဇီးလ် နည်းပြ မကြိုက်တာ အဆန်း မဟုတ်ဘူး။ တကယ်လို့ ဒရော့ဘာကို ကစားခွင့် ပေးရင်လည်း သူကောင်းကောင်း ပြန်ကစား ပါ့မလား။ အသင်း ပြောင်းချင်နေတဲ့သူ ဆိုတော့လေ။ ဒါတွေကြောင့် ချယ်လ်ဆီးကတော့ ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ မေး - မြန်မာနိုင်ငံမှာ ပရိုစနစ် ပြောင်းတော့မယ်လို့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်ပြီး ဆရာ့ အမြင်လေးကို ပြောပြ ပေးပါဦး ဆရာ။ ဖြေ - ပရိုစနစ် ပြောင်းမယ်ဆိုရင် အဓိက က အသင်းတွေ အတွက် ထောက်ပံ့သူတွေပါ။ သူဋ္ဌေးတွေက ဒီအသင်းတွေကို ထောက်ပံ့ ကြမယ်ဆိုတော့ သူတို့ကလည်း တကယ် ၀ါသနာပါ လို့လား။ တာဝန် အရလား ဆိုတာက အရေးကြီးပါတယ်။ အသင်း တစ်သင်းက ဒီသူဋ္ဌေး တစ်ဦးအပေါ် မှီခိုနေရတော့ အကယ်၍များ ဒီသူဋ္ဌေး စီးပွားပျက်သွားရင် ဘယ်လို လုပ်မလဲ။ သဘော ပြောပြတာပါ။ အမှန်တော့ ဒီလုပ်ငန်းနေ စီးပွားဖြစ်မယ် ဆိုရင် အေဘရာ မိုဗစ်ခ်ျတို့လို ဂလေဇာတို့လို အသင်းကို လိုလို လားလားနဲ့ ၀ယ်ချင်တဲ့ လူမျိုးတွေ အလိုလို ပေါ်လာမှာပါ။ ဒီမှာက အဲဒီလောက်ထိ ဖြစ်ဖို့က ခက်ပါတယ်။ အဓိက ၀င်ငွေက ကွင်းဝင်ကြေးနဲ့ ကြော်ငြာပဲ ရှိတာလေ။ ပိုက်ဆံ တကယ်လည်းရှိပြီး ဘောလုံးလည်း ၀ါသနာပါတဲ့ သူတွေ တာဝန် ယူမယ်ဆို ပိုကောင်းပါတယ်။ ဒါမှမဟုတ် သူဋ္ဌေး နှစ်ယောက် သုံးယောက်လောက်က တစ်သင်းစုပြီး လုပ်ကြမယ် ဆိုရင် ငွေအင်အား လည်း ပိုတောင့်လာမယ်။ ၀န်ထုပ်ဝန်ပိုးလည်း လျော့သွားမယ်။ ပြီးတော့ ဘောလုံးပွဲတွေကို ပရိသတ် စိတ်ဝင်စားအောင် လုပ်ရမယ်။ ဘောလုံးပွဲတွေ ကောင်းအောင် လှအောင် လုပ်ရ မယ်။ တီဗွီကနေ ပြပေးသင့်ရင် ပြပေးရမယ်။ အမှန်တော့ ၀န်ကြီးဋ္ဌာန ဘောလုံးအသင်း ဆိုတာက အဓိပ္ပါယ် မရှိပါဘူး။ သက်သက် ငွေဖြုန်းသလို ဖြစ်နေတယ်။ ချမ်းသာတဲ့ ၀န်ကြီးဋ္ဌာန တွေကတော့ ကိစ္စ မရှိဘူးပေါ့နော်။ တကယ်ဖြစ်သင့်တာ က ဥရောပက အသင်းတွေလို မြို့သားတွေက စုပြီးပိုင်တဲ့ အသင်းမျိုးကို သူတို့ ဘာသာ လုပ်စေချင်တယ်။ ဥပမာ မန္တလေး မြို့မှာ အဲဒီက မြို့သားတွေကို စုပြီး မြို့ခံ ဘောလုံး အသင်းတွေ ဖွဲ့ခိုင်းကြည့်ပါ။ အကောင်းဆုံး ဖြစ်အောင် လုပ်ပြ ပါလိမ့်မယ်။ ပြည်နယ်နဲ့ တိုင်းကိုလည်း အခုလိုပုံစံ မဟုတ်ဘဲ ကလပ်အသင်း ပုံစံတွေ လုပ်ပြီး ကန်ခိုင်း။ ကစားသမားတွေ စိတ်ကြိုက် ခေါ်ခွင့်ပေး။ အဲလို လုပ်သင့် ပါတယ်။ အရင်ကတောင် တစ်ခါ လုပ်သွား ပါသေးတယ်။ ပြည်နယ်နဲ့တိုင်း အသင်းတစ်သင်းကို သုံးယောက် ခေါ်ခွင့် ပြုမယ် ဆိုတာမျိုးလေ။ မေး - မြန်မာ့ လက်ရွေးစင် အသင်းနဲ့ ပတ်သတ်ပြီးတော့ရော ဆရာ့ အမြင်လေးကို ပြောပြပေးပါ။ ဖြေ - မြန်မာဘောလုံး အသင်းရဲ့ အဓိက အားနည်းချက်က ပွဲကစားရင် လူကို မကြည့်ဘူး။ ဘောလုံးကိုပဲ လိုက်ကြည့် နေကြတယ်။ ကိုယ့်ဘေးက ဘယ်သူ ကျော်တက်သွားတယ်။ ဘယ်သူက ဘယ်နေရာကို ရောက်နေတယ် ဆိုတာ မသိဘူး။ အဲဒီတော့ တစ်ဘက် အသင်းက ဘောလုံးကို ဂိုးဧရိယာနား ဆွဲပြေးပြီး တစ်ချက်လေး မြှောက်တင် ပေးလိုက်တာနဲ့ ခေါင်း တိုက်ပြီး ဂိုးသွင်း သွားတော့တာပေါ့။ ဒါကလည်း အတွေ့အကြုံ နည်းလို့ပါ။ ကိုယ့်လူ အချင်းချင်းနဲ့ပဲ ကစားဖူးတာ ဆိုတော့ မြန်မာ အရပ်အမောင်း မြန်မာ အမြန်နှုန်းနဲ့ပဲ အသားကျ နေတယ်။ နိုင်ငံတကာ အရပ်အမောင်း၊ အမြန်နှုန်း တွေကို လိုက်မမီ တော့ဘူး။ နောက်တစ်ခုက သက်လုံ( Stamina ) ပါပဲ။ မြန်မာ အသင်းက ပွဲစဉ်များ လာတာနဲ့အမျှ သက်လုံက ကျလာတယ်။ ဒါက လည်း အစားအသောက်၊ ဆေးဝါးနဲ့ အနေအထိုင်တွေ ကြောင့်ပါ။ မြန်မာ အသင်း ရှုံးတဲ့ ပွဲတွေဟာ အဲဒီ အဓိက အချက် နှစ်ချက်ကြောင့်ပါပဲ။ အခုခေတ်မှာက ဘောလုံးမှာ ခြေတစ်လှမ်းက အရမ်း သိသာတယ်။ ယူရို ဗိုလ်လုပွဲ တုန်းက တောရက်စ် သွင်းသွားတဲ့ ဂိုးကို ကြည့်ပါလား။ မြန်မာ အသင်းက စိတ်ဓာတ်တော့ တော်တော်လေး ကောင်းတယ်။ နောက်ဆုံး လဲခါမှ လဲရော။ ကုန်းရုန်းပြီး ထကန်တာပဲ။ ဒါပေမယ့် မြန်မာအသင်းက နည်းပြ အပြောင်းအလဲ များတယ်။ အသင်း ကစားပုံကို မကြည့်ဘူး။ နည်းပြနဲ့ ကန်ထရိုက် စာချုပ်ကိုပဲ ကြည့်တယ်။ နည်းပြ တစ်ယောက်နဲ့ အသားကျပြီဆိုရင် နောက်တစ်ယောက် ပြောင်းတယ်။ ဒီတော့ ဆရာများ သားသေဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ပြောရရင် နောက်ဆုံး ဘရာဇီးလ် နည်းပြကြီး ဖလော်ပါကို ကျွန်တော် ကြိုက်တယ်။ ဘာကြောင့် ကြိုက်သလဲဆိုရင် သူ ပွဲကြီးကြပ်တာ စိတ်ပါ လက်ပါရှိတယ်။ ဘောလုံးသမား တွေနဲ့ ရင်းနှီးမှု ရှိတယ်။ မြန်မာ အသင်း ဂိုးသွင်းရင် ထခုန်တာတို့ ပြေးဖက်တာတို့ လုပ်တယ်။ သူ့အင်တာဗျူး တွေကို ကြည့်ရင် ဘယ်တော့မှ ဘောလုံး သမားတွေကို အပြစ် မပြောဘူး။ နောက်တစ်ခုက သူ့လက်ထက်မှာ မြန်မာအသင်းဟာ ဘောကျဲ ကစား တတ်လာတယ်။ အရင်က ၁၀ ပေလောက် အကွာ အဝေးကို လူသုံးယောက် လောက်နဲ့ ပေးရတယ်။ အခု အဝေးကြီးကနေ ဖြတ်တင် လာတာမျိုးတွေ လုပ်လာတယ်။ ဒါဟာ နိုင်ငံတကာ ပုံစံပါပဲ။ ဒီလို ကစားတဲ့အတွက် အင်အား ချွေတာရာ ရောက်သလို နားပြီးလည်း ကစားလို့ရတယ်။ နောက်ပြီးတော့ မြန်မာ ဘောလုံးအသင်း တိုးတက်ဖို့ဆိုရင် ရုပ်သံ ကနေလည်း ပွဲများများ ပြနိုင်ဖို့ အရေးကြီးတယ်။ ဘယ်လို ပွဲမျိုးဖြစ်ဖြစ်၊ နောက်ဆုံး လက်ရွေးစင် အသင်း နှစ်ဖက်ခွဲ ကန်တာမျိုးတောင် ပြသင့်တယ်။ ပြီးတော့ နိုင်ငံခြား ပွဲတွေကိုလည်း ပြပေးသင့်တယ်။ အရင်က မြ၀တီနဲ့ MRTV-4 မှာ တစ်ပတ်ကို နှစ်ပွဲလောက် ပုံမှန် ကြည့်ရတယ်။ အခု မကြည့် ရတော့ဘူး။ အခုဟာက ပိုက်ဆံ မရှိရင် ဘောလုံးပွဲ မကြည့်ရဘူး ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ကျွန်တော် ကမ္ဘာပေါ်မှာ အကြိုက်ဆုံး အသင်းကို ပြောပါဆိုရင် မြန်မာ အသင်းလို့ ပြောရမှာပါ။ ဒါဟာ မြန်မာ လူမျိုး တစ်ယောက် ဖြစ်နေလို့ ဆိုတဲ့ အချက် တစ်ချက်တည်း ကြောင့်တင် မဟုတ်ပါဘူး။ ကျွန်တော် မြန်မာပွဲ ကြည့်ပြီဆိုရင် ဘာ တွေ အားနည်းနေလဲ ဘာတွေညံ့နေလဲ ဆိုတာထက် ဘာတွေ ကောင်းလာသလဲ ဆိုတာကိုပဲ အဓိက ကြည့်ပါတယ်။ ပွဲကြည့် နေတုန်းတော့ တခါတလေ အားမလို အားမရဖြစ်ပြီး အော်ဟစ်ဆဲဆို မိတာပေါ့လေ။ ဒါပေမယ့် ပွဲပြီး သွားရင်တော့ ပြန်စဉ်းစားပြီး နားလည် ပေးရပါတယ်။ ဒါကြောင့် မိန်းမ တစ်ယောက်ကို ချစ်ရတာဟာ မြန်မာဘောလုံး အသင်းကို အားပေးရ သလိုပဲလို့ ကျွန်တော် ပြောဖူးပါတယ်။ အမျှော်လင့်ကြီး မျှော်လင့်ထားပြီးမှ အားမလို အားမရဖြစ်ရ၊ မချင့်မရဲဖြစ်ရ၊ စိတ်ပျက်ရ၊ ၀မ်းနည်းရ၊ ဒေါသထွက်ရ၊ ခံပြင်းရနဲ့ အရမ်း စိတ်ဒုက္ခ ခံစားရတယ်။။ ဒါပေမယ့် အချိန် တန်ရင်တော့ မကြည့်ဘဲ မနေနိုင်ဘူးလေ။ မေး - ဟုတ်ကဲ့။ ခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာမင်းလူခင်ဗျား။ |
| Last Updated on Sunday, 10 April 2011 01:32 |



ပြီးခဲ့တဲ့ အပတ်က ပထမပိုင်း အဖြစ် ဖော်ပြပေးခဲ့ပြီး ဖြစ်တဲ့ ဆရာမင်းလူနဲ့ အင်တာဗျူး ဒုတိယပိုင်းကို Soccer Myanmar Football Website ရဲ့ ပရိသတ်ကြီးထံ ဆက်ပြီး တင်ဆက်ပေးလိုက်ရပါတယ်။
မေး - ဒီနှစ် ပရီးမီးယား လိဂ်မှာ ဘယ်သူဗိုလ်စွဲ နိုင်မလဲ ဆိုတာကို ခန့်မှန်းပေးပါဦး ဆရာ။








