|
Written by Admin Team
|
|
Sunday, 17 February 2013 06:32 |
|
မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခြေစမ်းခရီးစဉ်မှာ မိမိတို့အတွက် စိတ်ကျေနပ်စရာ ခရီးစဉ်တစ်ရပ် ဖြစ်ခဲ့ကြောင်း တယ်ရိုဆက်ဆနာ နည်းပြချုပ် စတိဖ်ဟင်းန် ဒီမိုလ် က ရန်ကုန် ယူနိုက်တက်ကို အနိုင်ရခဲ့သည့် နောက်ဆုံး ခြေစမ်းပွဲ အပြီးတွင် ပြောကြားခဲ့သည်။
တယ်ရိုဆက်ဆနာသည် မတ်လအတွင်း စတင်မည့် ထိုင်းပရီးမီးယားလိဂ် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် မြန်မာနေရှင်နယ်လိဂ် ထိပ်သီးကလပ် အသင်းများနှင့် ခြေစမ်းပွဲများ လာရောက် ကစားခဲ့ခြင်း ဖြစ်ပြီး ပွဲအားလုံးကို အနိုင်ရခဲ့သည်။ ထိုကဲ့သို့ ပွဲအားလုံးကို အနိုင်ယူနိုင် ခဲ့သော်လည်း ပြိုင်ဘက်များမှာ အားနည်းသူများ မဟုတ်ကြောင်း ဒီမိုလ်က ဆိုခဲ့သည်။ "ဒီခြေစမ်းခရီးက ကျေနပ်စရာ ကောင်းတဲ့ ခရီးစဉ် တစ်ခုပါ။ ကျွန်တော်တို့ ပွဲအားလုံး အနိုင်ရခဲ့တယ် ဆိုပေမယ့် ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ခဲ့ရတာပါ။ ကျန်တဲ့ ပြိုင်ဘက်တွေ အကြောင်းတော့ မပြောတော့ ပါဘူး။ အခုကစားပြီးခဲ့တဲ့ ရန်ကုန် ယူနိုက်တက်နဲ့ ပွဲအကြောင်း ပြောရရင်တော့ ကျွန်တော့် ကစားသမားတွေ ပထမပိုင်းမှာ ခြေစွမ်းပြနိုင်လို့ ဒီလောက် ဂိုးပြတ် သွားတာပါ။ သူတို့ နောက်တန်း အမှားတွေကို အခွင့်ကောင်း ယူနိုင်ခဲ့တယ်လေ။ ဒါတောင်မှ ဒုတိယပိုင်းမှာ လူတွေလဲလိုက်တော့ သူတို့ ပြန်လာနိုင်ခဲ့သေးတယ်။ သူတို့ ဆီက လက်ရွေးစင် (၇)ယောက်လောက် မပါနိုင်ဘူးလို့လည်း သိထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေနပ်ဖို့ကောင်းတဲ့ ခြေစမ်း ခရီးစဉ် ဖြစ်ပြီး စိတ်ကြိုက် စမ်းသပ်မှုတွေ လုပ်ခွင့် ရခဲ့ပါတယ်"ဟု တယ်ရိုဆက်ဆနာ အသင်း၏ နည်းပြချုပ် ဂျာမနီလူမျိုး စတိဖ်ဟင်းန် ဒီမိုလ်က ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက မြန်မာပြည်မှ ဧည့်ခံမှုများ အတွက်လည်း အထူးပင် ကျေးဇူးတင်မိကြောင်း ပြောကြားခဲ့သေးသည်။ တယ်ရိုဆက်ဆနာ အသင်းတွင် နိုင်ငံခြား ကစားသမား (၆)ဦး ပါဝင်လာခဲ့ပြီး ထိုအထဲမှ နောက်ခံလူ အိုင်ဆက် ဟွန်နီ တစ်ဦးမှ လွဲ၍ ကျန်နိုင်ငံခြားသား ကစားသမားများမှာ အသင်းနှင့် စာချုပ်ပြီး ဖြစ်သည်။ တိုက်စစ်မှူးများ ဖြစ်သည့် ဒေါ့ဆန်းတို့စ်နှင့် ဘီဟီတို့မှာလည်း နည်းပြချုပ် စိတ်ကြိုက် ခြေစွမ်းပြသနိုင်ခဲ့သည်။ နည်းပြချုပ် ဒီမိုလ်က ကစားသမားများ၏ စွမ်းဆောင်ရည်များကို ကျေနပ်အားရမိကြောင်းလည်း ဆိုခဲ့သည်။ တယ်ရိုသည် ယခုခြေစမ်းခရီးတွင် မြန်မာကလပ်အသင်း (၃)သင်းနှင့် တွေ့ဆုံခဲ့ရာ ပွဲအားလုံးကို အနိုင်ရခဲ့ပြီး သွင်းဂိုး (၁၁)ဂိုး ရယူနိုင်ကာ (၅)ဂိုး ပြန်ပေးခဲ့ရသည်။ တယ်ရို၏ ယခုနှစ် ခြေစမ်းခရီးမှာ မြန်မာပြည်သို့ ခြေစမ်းခရီး လာရောက်မှု ဒုတိယအကြိမ်လည်း ဖြစ်သည်။
|