|
Written by Admin Team
|
|
Sunday, 17 February 2013 06:22 |
|
ကစားပြီးခဲ့သည့် ခြေစမ်းပွဲများတွင် နိုင်ပွဲများ ရယူနိုင်ခဲ့သည့် ထိုင်းပရီးမီးယားလိဂ် ထိပ်သီး တယ်ရိုဆက်ဆနာ အသင်းသည် မြန်မာပြည် ခြေစမ်းပွဲ ခရီးစဉ်၏ နောက်ဆုံးပွဲစဉ် ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန် ယူနိုက်တက်နှင့် ပွဲတွင် (၂-၆)ဂိုးဖြင့် ဂိုးပြတ် အနိုင်ယူကာ ရာနှုန်းပြည့် နိုင်ပွဲရလဒ်ဖြင့် အိမ်အပြန် မျက်နှာပန်း လှခဲ့ပြီ ဖြစ်သည်။ မြန်မာ ကလပ်များမှာမူ ခြေစမ်းပွဲ (၃)ပွဲတွင် တစ်ပွဲမျှပင် အနိုင်ရခဲ့ခြင်း မရှိသောကြောင့် အရှက်တကွဲ ဖြစ်ခဲ့ရသည်။
ရန်ကုန်တွင် လက်ရွေးစင် အသင်းသို့ စေလွှတ်ထားသည့် ကစားသမား (၇)ဦးအပြင် ဒေးဗစ်ထန်မှာလည်း ဒဏ်ရာကြောင့် မပါဝင်နိုင်သဖြင့် နိုင်ငံခြားသားများကို အခြေပြုကာ ပြည်တွင်း ကစားသမားများဖြင့် ပေါင်းစပ် ပွဲထွက်လာခဲ့သည်။ အသင်း၏ အရံရင်းတွင် ကစားသမား (၆)ဦးသာ ပါဝင်လာခဲ့ပြီး ၀ါရင့် ကစားသမား မျိုးမင်းထွန်းမှာ ထိုအရံစာရင်း၌ပင် ပါဝင်လာခြင်း မရှိခဲ့ပေ။ တယ်ရိုကမူ ဧရာဝတီနှင့် ပွဲမှ လူစာရင်းကို တိုက်စစ်မှူး ဂျိုနသန် ဘီဟီ၊ တောင်ပံ တိုက်စစ်မှူး ရှို ရှီမိုဂျီ၊ ကွင်းလယ်လူများ ဖြစ်သည့် ငူအလမ်ဟင်နှင့် ကီဆာရတ်တို့ (၄)ဦးမှ လွဲ၍ ကျန်သည့် (၇)ဦးကို အပြောင်းအလဲ ပြုလုပ်ကာ ပွဲထွက်လာခဲ့သည်။

ပွဲအစ (၁၃)မိနစ်မှာပင် ဂျပန် တောင်ပံတိုက်စစ်မှူး ရှီမိုဂျီက အဖွင့်ဂိုး သွင်းခဲ့သည်။ နောက် (၄)မိနစ် အကြာတွင် ကွင်းလယ်လူ နာရူဘာဒင်က ဒုတိယဂိုး ထပ်သွင်းခဲ့သည်။ ထို့နောက် ပွဲချိန် (၂၃)မိနစ်တွင် အခြား ကွင်းလယ်လူ တစ်ဦးဖြစ်သည့် ဒက်ရှ်မီတာက တယ်ရိုအတွက် တတိယဂိုးကို ထပ်သွင်းခဲ့ပြန်သည်။ ပေးလိုက်ရသည့် ဂိုးအားလုံးမှာ နောက်ခံလူများ၏ နေရာယူပုံ ညံ့ဖျင်းမှုများနှင့် ဂိုးသမား၏ ကာကွယ်မှု အားနည်းမှုများကြောင့် ပေးလိုက်ရခြင်း ဖြစ်သည်။ ရန်ကုန် နောက်ခံလူများ အနေဖြင့် တယ်ရို တိုက်စစ်ဆင်မှုများကို လူကြွံဘော ဖမ်းကစားရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ဂိုးများ ဆက်တိုက် ပေးလိုက်ရခြင်း ဖြစ်သည်။ ပွဲချိန် (၃၇)မိနစ်တွင်မူ ဂျီနိုစီယမ်နှင့် အောင်မိုးတို့၏ ကြိုးစားမှုကြောင့် ရန်ကုန်တို့ ချေပဂိုး တစ်ဂိုး ပြန်ရခဲ့သည်။ ဂျီနိုစီယမ်-အောင်မိုး တွဲလုံးမှ အောင်မိုး ညာခြမ်းမှ ဖြတ်တင်ပေးသည်ကို ကိုနေးက လွတ်လွတ်ကျွတ်ကျွတ် ဗိုက်နှင့် တိုက်သွင်းသွားခြင်း ဖြစ်သည်။ သို့သော် ရန်ကုန်၏ အပျော်မှာ ကြာရှည် မခံခဲ့ပေ။ ပွဲချိန် (၃၉)မိနစ်တွင် ခြေစွမ်းပြနေသည့် ဂျပန် တောင်ပံတိုက်စစ်မှူး ရှီမိုဂျီက ရန်ကုန်၏ လူကြွံထောင်ချောက်ကို လှလှပပ ဖောက်ထွက်ကာ ရှေ့ထွက်နေသည့် ဂိုးသမား နိုင်ဇေယျာထွန်း၏ ခေါင်းပေါ်မှ ကျော်ကန်ကာ တယ်ရိုအတွက် စတုတ္ထဂိုးကို ရယူသွားခဲ့သည်။ ပထမပိုင်း ပြီးဆုံး၍ နာကျင်အချိန်ပို (၂)မိနစ်တွင် တယ်ရိုတို့ တတိယဂိုး ရရှိခဲ့ပြန်သည်။ တယ်ရို၏ ပြင်သစ်တိုက်စစ်မှူး ဂျိုနသန်ဘီဟီ ထိုးဖောက်လာမှုကို ရန်ကုန်နောက်ခံလူ ရှက်ဗ်ကော့စကီး တားဆီးနိုင်ခဲ့သော်လည်း ပေါ့ဆခဲ့သောကြောင့် နောက်မှ လိုက်လာသည့် ရှီမိုဂျီ ရရှိသွားပြီး ရှက်ဗ်ကော့စကီးကိုသာ မက အောင်သိုက်ကိုပါ ခြေယောင်ပြ ဖြတ်ကျော်ကာ နိုင်ဇေယျာထွန်း ကာကွယ်နိုင်ခြင်း မရှိသည့် ညာဘက်ဂိုးထောင့်ထဲသို့ အပြင်း ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင်မူ ရန်ကုန်က တိုက်စစ်တွင် ခြေစွမ်းမပြနိုင်သည့် အောင်ကျော်ထွေး အစား ကျော်ဒွန်း၊ ဂိုးသမား နိုင်ဇေယျာထွန်း အစား အောင်ဝေဖြိုးတို့ကို ထည့်သွင်းခဲ့သည်။ ပွဲချိန် (၄၇)မိနစ်တွင် ကိုနေးကြောင့် ရန်ကုန်တို့ ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့သည်။ ထိုပင်နယ်တီကို ဆီဇာက အပိုင်ကန်သွင်းပြီး ရန်ကုန် အတွက် ဒုတိယဂိုး ရယူပေးခဲ့သည်။ ပထမပိုင်း ကတည်းက ရန်ကုန်ကို ဂိုးပြတ် အနိုင်ရနေပြီ ဖြစ်သည့် တယ်ရိုဆက်ဆနာသည် ဒုတိယပိုင်း လက်ကျန်မိနစ်များတွင် ဆက်တိုက် လူစားလဲမှုများ ပြုလုပ်ခဲ့ပြီး ကွင်းလယ်၏ အဓိက ကစားသမား ဖြစ်သည့် ကီဆာရတ်နှင့် တိုက်စစ်မှူး ဂျိုနသန် ဘီဟီ၊ ဂိုးသမား ပီဆန် တို့မှလွဲ၍ ကျန်သည့် ကစားသမား (၈)ဦးကို လူစားလဲမှု ပြုလုပ်ခဲ့သည်။ တယ်ရိုအတွက် ပွဲသိမ်းဂိုးကို ပွဲချိန် (၈၇)မိနစ် အရောက်တွင် လူစားဝင် ဘယ်တောင်ပံ ကစားသမား နင်ဝိုနီက ဂိုးသမားနှင့် တစ်ဦးခြင်း အတွေ့တွင် အပိုင်ကန်သွင်းကာ ရယူပေးခဲ့သည်။
ရန်ကုန်သည် ယခုပွဲတွင် လက်ရွေးစင် အသင်းသို့ ကစားသမား (၇)ဦး ပေးထားရသည် မှန်သော်လည်း ကျန်ရှိနေသေးသည့် ကစားသမားများ၏ စွမ်းဆောင်မှုမှာ မေးခွန်းထုတ်ဖွယ် ဖြစ်ခဲ့ပြီး အထူးသဖြင့် ပွဲအစပိုင်းတွင် ဖြစ်နေခဲ့သည့် ခံစစ်ကြောင်း ဖရိုဖရဲ ဖြစ်နေမှုမှာ အသင်းကြီး အဆင့်နှင့် မည်သို့မျှ သင့်လျှော်ခြင်း မရှိပေ။ ရန်ကုန်သည် လာမည့် ဖေဖော်ဝါရီ (၂၆)ရက်တွင် မော်လ်ဒိုက်ဗ် ချန်ပီယံ နယူးရေးဒီးယန့် အသင်းကို အိမ်ကွင်းတွင် လက်ခံရမည် ဖြစ်ရာ လက်ရှိခြေစွမ်းကို ပြောင်းလဲပြစ်နိုင်ရန် လိုအပ်နေသည်။
|