|
Written by Admin Team
|
|
Saturday, 16 February 2013 20:31 |
|
အေစီမီလန် တိုက်စစ်မှူးသစ် မာရီယို ဘာလော့တယ်လီက မိမိ၏ အကောင်းဆုံး ပုံစံကို တစ်စထက်တစ်စ ပြန်ရလာနေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။
ပြဿနာရှာရာတွင် နာမည်ကြီးသူ အဖြစ် မန်ချက်စတာ စီးတီးအသင်းတွင် လူသိများခဲ့သော်လည်း ဆောင်းရာသီ ဈေးကွက် ကာလအတွင်း မီလန်သို့ ပြန်လည် ပြောင်းရွှေ့သွားပြီးနောက် အီတလီ လက်ရွေးစင် တိုက်စစ်မှူးသည် အသင်းသစ်၏ ပင်မသွေးကြော တိုက်စစ်အင်အားတစ်ရပ် ဖြစ်လာသည်။ ၎င်းသည် ယခုအခါ မီလန်အတွက် (၃)ပွဲသာ ကစားရသေးပြီး (၄)ဂိုး ရရှိထားပြီ ဖြစ်သည်။ မီလန်အတွက် ၎င်း၏ စတုတ္ထဂိုးကို သောကြာနေ့ညက ပါးမားနှင့် ပွဲစဉ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် ရယူခဲ့သည်။

ဘာလော့တယ်လီက "ကျွန်တော် ခြေမှန် တဖြည်းဖြည်း ပြန်ရနေပါပြီ။ အကောင်းဆုံး ပုံစံ ပြန်ဖြစ်လာဖို့ နီးစပ်လာနေတယ်လို့ ထင်ပါတယ်"ဟု ဆိုသည်။ ၎င်းက ပါးမားနှင့်ပွဲတွင် ဂိုးရယူခဲ့သည့် ပြစ်ဒဏ်ဘောကို မကန်မီ အမ်ဘီယီ နီအန်နှင့် စကားပြောခဲ့သေးကြောင်းလည်း ဖွင့်ဟခဲ့သည်။ "အဲဒီ ပြစ်ဒဏ်ဘောကို မကန်ခင် ကျွန်တော် ပြစ်ဒဏ်ဘောနှစ်လုံး လွဲပြီးပြီ။ ဒီတစ်လုံးတော့ ငါကန်ချင်သေးတယ်။ မဝင်ရင်တော့ နောက်ဆိုရင် မင်းကန်ပါလို့ နီအန်ကို ပြောလိုက်သေးတယ်"ဟု ဘာလော့တယ်လီက ပြန်ပြောင်း ပြောဆိုခဲ့သည်။
မီလန်နည်းပြ မက်ဆီမီလီယာနို အယ်လာဂရီက "ဘာလော့တယ်လီ သွင်းတဲ့ဂိုးက တကယ့် အပျံစား ပြစ်ဒဏ်ဘောမျိုးပါ။ ပါးမားနဲ့ပွဲမှာ ဘာလော့တယ်လီကို ဦးတည်ပြီး ပြစ်ဒဏ်ဘော ကျူးလွန်ကြတာ တော်တော်များတယ်။ ဒါပေမဲ့ သူ့တုံ့ပြန်ပုံက ကောင်းပါတယ်။ မီလန်က ဘာလော့တယ်လီကို ဝယ်ခဲ့တာ သိပ်ကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ခုဆိုရင် ချန်ပီယံဆုအတွက် တင်ကစားရမယ့် အချိန်မျိုးမှာ အသင်းကို သူရောက်လာပြီ။ မီလန်ဟာ နောက်ကျကျန်နေရာက အရှိန်နဲ့ တိုးတက်လာနေတယ်။ လက်ရှိ အသင်းသားတွေရဲ့ အနေအထားကိုလည်း ကျွန်တော် အားရတယ်။ နီအန်ဟာ ကြိုးစား အားထုတ်မှု ကောင်းမွန်တဲ့ သူတစ်ယောက်ပါ။ ငယ်လည်း ငယ်သေးတယ်။ ဘာပဲဖြစ်ဖြစ် အသင်းကို သူအများကြီး ကူညီပြသွားပါတယ်"ဟု ချီးကျူးသွားသည်။ Ref: Goal
|