|
Written by Admin Team
|
|
Saturday, 16 February 2013 20:30 |
|
မန်ချက်စတာ ယူနိုက်တက် အတွက် ကာလ အတန်ကြာ မာကျော တောင့်တင်းသော ခံစစ်အတွဲ အဖြစ် ရပ်တည်ခဲ့သည့်နောက် နီမန်ယာ ဗီဒစ်နှင့် ရီယို ဖာဒီနန်တို့ အတူတွဲ ကစားရန် အခွင့်အလမ်း နည်းပါး သွားပြီဟု မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဝန်ခံခဲ့သည်။
အသက်(၃၁)နှစ်ရှိ အသင်းခေါင်းဆောင် ဗီဒစ်သည် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဘာနေဗျူးတွင် ရီးယဲလ်မက်ဒရစ် အသင်းကို ယှဉ်ပြိုင် ကစားရာတွင် ပါဝင်ခဲ့ခြင်း မရှိချေ။ ဖာဂူဆန်သည် တနင်္ဂနွေနေ့က အဲဗာတန် အသင်းကို (၂-၀)ဖြင့် အနိုင်ရသည့် ပရီးမီးယားလိဂ် ပွဲစဉ်၌ ဆာဘီးယား ကစားသမားအား ပွဲချိန်ပြည့် အသုံးပြုခဲ့သည့်နောက် ဘာနေဗျူးတွင် ပွဲမထုတ်ဘဲ ဖာဒီနန်ကိုသာ အသုံးပြုခဲ့သည်။ ဖာဂူဆန်က အသက်(၃၄)နှစ် ရှိပြီဖြစ်သော ဖာဒီနန်ကို ဗီဒစ်နှင့် တွဲပြီး ပုံမှန် ပွဲထုတ်နေရန် မိမိ မစဉ်းစားတော့ဟု အတည်ပြုခဲ့သည်။

လက်ရှိ မန်ယူအသင်း၏ ဗဟိုခံစစ်တွင် ဂျွန်နီအီဗန်စ် သိသိသာသာ ခြေစွမ်း ထက်မြက်နေသလို ခရစ်စမောလင်းရော၊ ဖီးလ်ဂျုံးပါ ကြံ့ခိုင်မှု ပြည့်ဝနေရာ ဖာဂူဆန်အနေဖြင့် စိတ်ကြိုက် လူလဲ အသုံးပြုခွင့် ရနေသည်။ စကော့သား မန်နေဂျာကြီးက "တစ်ခါတစ်လေတော့ ဒီလို အခြေအနေမှာ ကျွန်တော် လုပ်ဆောင်လိုက်ဟာ မှန်လား၊ မှားလားဆိုတာ ကိုယ့်ဖာသာတောင် သံသယ ပြန်ဝင်မိတယ်။ ဗီဒစ်ဟာ အဲဗာတန်နဲ့ပွဲမှာ အကောင်းဆုံး ကစားပြခဲ့ပေမယ့် ဘာနေဗျူးမှာ ကျွန်တော် သူ့ကို မသုံးခဲ့ဘူး။ (၃)ရက်အတွင်း (၂)ပွဲ ကစားရတာဟာ စွန့်စားမှု တစ်ခုလို့ ကျွန်တော် ယူဆခဲ့လို့ပါ။ ဖာဒီနန်အပေါ် ကျွန်တော့် သဘောထားကလည်း တူတူပါပဲ။ တကယ်လို့ တနင်္ဂနွေနေ့မှာ ဖာဒီနန် ဝင်ကစားခဲ့ရင် ဗုဒ္ဓဟူးနေ့မှာ သူ့ကို ကျွန်တော် ထုတ်သုံးဖို့ သံသယ ဖြစ်မိမှာပဲ"ဟု ပြောကြားခဲ့သည်။
၎င်းက အီဗန်စ်နှင့် ပတ်သက်ပြီး "ခုချိန်မှာ သူဟာ ထိပ်တန်း ခံစစ်သမား တစ်ယောက်အဖြစ် ထင်ထင်ရှားရှား ထွက်ပေါ်လာပါတယ်။ အီဗန်စ်ရဲ့ လက်ရှိ အနေအထားက အကောင်းဆုံးပဲ။ ငယ်ရွယ်သေးတဲ့ ခံစစ်သမား တစ်ယောက်ဟာ တည်ငြိမ်တဲ့ ခြေစွမ်းကို ထိပ်တန်းအဆင့်မှာ ထိန်းထားနိုင်ပြီ ဆိုရင် ဒါဟာ သူတို့အတွက် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတာ သိသာပါတယ်။ အီဗန်စ်ဟာ ပြီးခဲ့တဲ့နှစ် ကတည်းက ခြေစွမ်းကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်တယ်။ မနှစ်ကဆိုရင် ဖာဒီနန်နဲ့ အီဗန်စ်တို့ဟာ ပုံမှန် ပွဲထွက် ကစားသမားတွေ အနေနဲ့ အဓိက ပါဝင်ခဲ့ရပါတယ်"ဟု ပြောဆိုသွားသည်။ Ref: The Sun
|