|
Written by Admin Team
|
|
Saturday, 16 February 2013 19:07 |
|
အာဆင်နယ် အနေဖြင့် ချန်ပီယံ လိဂ်တွင် ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်နိုင်ပါက ဆုဖလား ရယူရန်ထိ မျှော်လင့်နိုင်ကြောင်း မန်နေဂျာ အာစင်ဝင်းဂါးက မှတ်ချက်ပြု ပြောကြားလိုက်သည်။
ပြင်သစ်သား မန်နေဂျာကြီးသည် အင်္ဂါနေ့တွင် ဂျာမန်ထိပ်သီး ဘိုင်ယန် အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ် ပွဲစဉ်အတွက် ပြင်ဆင်နေရသည်။ အာဆင်နယ်သည် ယနေ့ညတွင် FAဖလား ပဉ္စမအဆင့် ပွဲစဉ်အဖြစ် ချန်ပီယံရှစ် ကလပ်အသင်း ဘလက်ဘန်း ရိုဗာနှင့်လည်း ရင်ဆိုင် ကစားရမည် ဖြစ်သည်။ ဘိုင်ယန်သည် လတ်တလောတွင် ဂျာမန် ဘွန်းဒစ်လီဂါ၌ (၁၅)မှတ်ဖြတ် ဦးဆောင်ကာ (၁၉)ပွဲဆက် ရှုံးပွဲမရှိ ရပ်တည်နေသည်။ ထို့ကြောင့်လည်း ချန်ပီယံလိဂ် အတွက် ပြင်ဆင်ရာတွင် အာဆင်နယ်ထက် ဖိအား လျော့နည်းလျှက် ရှိသည်။ လန်ဒန် အခြေစိုက် အသင်းမှာမူ ရာသီကုန် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရုန်းကန်နေရဆဲ ဖြစ်သည်။
"တကယ်လို့ ဘိုင်ယန်ကို ကျော်လွှားနိုင်ခဲ့တယ် ဆိုရင် ချန်ပီယံလိဂ် ဆုဖလားကို မျှော်လင့်နိုင်တဲ့ထိ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ကျွန်တော်တို့ အသင်းဟာ ဘိုင်ယန်ကို အနိုင်ရဖို့ အခွင့်အလမ်းတွေ ရှိနေတယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။ မကြာသေးခင် နှစ်တချို့တုန်းက ဇနီဒင်းဇီဒန်း၊ ဒေးဗစ်ဘက်ဟမ်းနဲ့ ရောလ်ဂွန်ဇာလက်ဇ်တို့ ပါနေတဲ့ ရီးယဲလ်မက်ဒရစ်ကို ကျွန်တော်တို့ အနိုင်ယူပြခဲ့ဖူးတယ်။ ကျွန်တော်တို့ဟာ ခုချိန်မှာ လျှော့တွက်ခံရတဲ့ အသင်းဖြစ်ရင်တောင် ကျွန်တော်တို့မှာ လုပ်နိုင်စွမ်း ရှိကြောင်း ယုံကြည်နေဆဲပါ"ဟု ဝင်းဂါးက ပြောဆိုခဲ့သည်။
၎င်းက လတ်တလောတွင်မူ ယနေ့ည ဘလက်ဘန်းနှင့် ပွဲက ပိုအရေးကြီးကြောင်းလည်း ဆိုသည်။ "ကစားသမား အားလုံး ဘလက်ဘန်းနဲ့ ပွဲကိုပဲ အပြည့်အဝ အာရုံစိုက်ထားတယ်။ သူတို့နဲ့ ကစားရမယ့် ပြိုင်ဘက်ဟာ အသင်းကောင်း တစ်ခုဆိုတာလည်း နားလည်ထားကြပါတယ်"ဟု ဝင်းဂါးက ပြောကြားသွားသည်။ Ref: The Sun
|