|
Written by Admin Team
|
|
Saturday, 16 February 2013 18:59 |
|
မိမိတို့ အသင်းအတွက် အမှန်တကယ် အားထားရမည့် အာဂ လူသားများ လိုအပ်နေပြီဟု လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ပြောကြားလိုက်သည်။
ရုရှားတွင် ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ဇင်းနစ် စိန့်ပီတာစဘာ့ဂ်ကို အရေးနိမ့်လာပြီးနောက် ရော့ဂျာက အသင်း၏ လူစာရင်းကို အပြောင်းအလဲများ ပြုလုပ်ရန် အသင့်ရှိနေသည့် သဘောမျိုး ထုတ်ဖော် မှတ်ချက် ပြုခဲ့ခြင်း ဖြစ်သည်။ သတင်းများက မြောက်အိုင်ယာလန်သား မန်နေဂျာသည် နွေရာသီ ဈေးကွက် အတွင်းတွင် အသင်းကို မွှေနှောက် ပြောင်းလဲကာ လူအင်အား ဖြည့်တင်းမှုများ ပြုလုပ်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။ ရော့ဂျာသည် ဝက်စ်ဘရွန်းဝစ်ခ်ျနှင့် ဇင်းနစ်တို့ကို နှစ်ပွဲဆက် အိမ်ကွင်းရော၊ အဝေးကွင်းပါ အရှုံးပြခဲ့သည့်နောက် လက်ရှိအသင်းကို လုံးဝ အားမရတော့ဟု သိရသည်။

"နွေရာသီမှာ ကျွန်တော်တို့ အတွက် အလိုအပ်ဆုံး၊ အရေးအကြီးဆုံး ကိစ္စက တကယ့် အာဂလူသားတွေ အသင်းအတွက် ခေါ်ယူနိုင်ဖို့ပါပဲ။ ပြောရမယ်ဆိုရင် ပွဲတစ်ပွဲ ကစားရာမှာ အသင်းနဲ့ ကစားဖော်တွေအတွက် အမှန်တကယ် ထောက်ပံ့ ကူညီနိုင်သူတွေ ကျွန်တော်တို့မှာ ရှိသင့်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီကိစ္စက အကြီးကျယ်ဆုံး အရာတစ်ခုပါ။ ဂျင်မီကာရေဂါဆိုရင် ကြည့်ပါ။ သူ့အသက် (၃၅)နှစ် ရှိပြီ။ အဲဒီ စိတ်ဓာတ်ပိုင်းမျိုး ပိုင်ဆိုင်ထားတယ်။ ခုတော့ ရာသီကုန်ရင် ကျွန်တော်တို့ အဲဒီအရည်အသွေးကို ဆုံးရှုံးရတော့မယ်။ ကျွန်တော်တို့ဟာ ဒါတွေကို ပြန်ပြီး အစားထိုး ဖြည့်ဆည်းဖို့ လိုပါတယ်။ အသင်းမှာ တိုးတက်အောင် မွမ်းမံရမယ့် ကိစ္စတွေ အများကြီးပါ"ဟု ရော့ဂျာက ပြောကြားခဲ့သည်။
၎င်းက "ကျွန်တော့် အမြင်အရတော့ အကောင်းဆုံး အသင်းကို တည်ဆောက်ချင်တာပါပဲ။ စီနီယာ ကစားသမား တချို့ ပါမယ်။ လူငယ်တွေ ပါမယ်။ အကောင်းဆုံး အခြေအနေနဲ့ ရောစပ်ထားချင်တယ်။ ကျွန်တော်က လူငယ် ကစားသမားတွေအပေါ် အမြဲတမ်း မျှော်လင့်ချက် ထားသူပါ။ ဒါပေမဲ့ သူတို့ဘက်ကလည်း အတွေ့အကြုံကောင်းတွေ စုစည်းရယူပြီး သူတို့ရဲ့ အရည်အသွေးကို သက်သေပြဖို့ လိုပါတယ်"ဟု မှတ်ချက်ပြုသွားသည်။ ရော့ဂျာသည် လီဗာပူးလ်ကို စတင် ကိုင်တွယ်ပြီးနောက် ဂျိုးအလန်၊ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ ဖေဘီယို ဘော်ရီနီနှင့် ဖိလစ်ပို ကော်တင်ဟိုတို့ (၄)ဦးအား ပေါင်စတာလင် (၄၆)သန်း အကုန်အကျခံ ဝယ်ယူထားပြီး ဖြစ်သည်။ Ref: Daily Mail
|