|
Written by Admin Team
|
|
Saturday, 16 February 2013 18:57 |
|
ချယ်လ်ဆီး အသင်း မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်သည် အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို ပွဲစဉ်တိုင်းတွင် ပထမဦးစားပေး နေရာအတွက် အသုံးပြုရန် မသေချာတော့ဟု သိရှိရသည်။
အသက်(၃၂)နှစ်ရှိ ကစားသမားသည် FAဖလား ပြန်ကန်ပွဲစဉ်အဖြစ် ဘရန်ဖို့ဒ် အသင်းနှင့် ရင်ဆိုင်ရာတွင် အသင်းကို ဦးဆောင်ဖွယ် ရှိနေသော်လည်း နောက်ပိုင်းတွင် ကလပ်အသင်း၏ အလှည့်ကျ စနစ်အတိုင်း အခြားကစားသမားများ နည်းတူ အရန်ခုံတွင်ပါ ထိုင်ရမည့် သဘောမျိုး ဖြစ်လာသည်။ အစောပိုင်းက စပိန်သား မန်နေဂျာကြီးက မိမိတို့သည် အင်္ဂလန် ဗဟိုခံစစ်မှူး တယ်ရီ၏ ဒူးဒဏ်ရာဟောင်းကို ငဲ့ရန်အတွက် ထိန်းထိန်းသိမ်းသိမ်း သုံးစွဲသွားရန် လိုအပ်ကြောင်း ပြောဆိုထားဖူးသည်။

ဘင်နီတက်ဇ်သည် အသင်းကို အလှည့်ကျ ပွဲထုတ်မှုများ ပြုလုပ်ကာ ကစားသမား အားလုံးကို အနားရပြီး လတ်ဆတ် လန်းဆန်းနေစေလိုသော ဆန္ဒမျိုး ရှိနေသည်။ ယင်းအစီအစဉ်တွင် ချယ်လ်ဆီး၏ ခံစစ်အသည်းနှလုံးဟု တင်စားခံရသူ တယ်ရီလည်း ပါဝင်နေမည် ဖြစ်သည်။ ဘင်နီတက်ဇ်သည် တယ်ရီကို ပွဲထွက် ကစားသမား နေရာတွင် အကြိုက် အတွေ့ဆုံး အခြေအနေ မရှိသည်ကိုလည်း တွေ့ရသည်။ ၎င်းသည် ချယ်လ်ဆီးကို (၂၃)ပွဲ ကိုင်တွယ်ပြီးနောက် ဂယ်ရီကာဟေးလ်ကို (၁၉)ကြိမ်၊ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို (၁၇)ကြိမ် ပွဲထုတ် ခင်းကျင်းခဲ့သည်။
ဒေးဗစ်လုဇ်မှာမူ ဗဟိုခံစစ်ထက် ကွင်းလယ်တွင် ပိုမို၍ နေရာယူ ကစားခဲ့ရသည်။ တယ်ရီအနေဖြင့် (၂)လကြာမျှ ဒူးဒဏ်ရာ ဖိစီးမှုများကြောင့် ရုန်းကန်ခဲ့ရချိန်တွင် ကာဟေးလ်နှင့် အိုင်ဗန်နိုဗစ်တို့၏ ပူးပေါင်းမှု စွမ်းရည် မြင့်တက်လာခြင်းကလည်း ၎င်းကို ပထမအသင်းတွင် နေရာပုံမှန် ရရှိရေး အကန့်အသတ် ဖြစ်လာစေကြောင်း သတင်းများက ဖော်ပြသွားသည်။ Ref: Daily Mail
|