|
Written by Admin Team
|
|
Saturday, 16 February 2013 18:20 |
|
ဘိုင်ယန်မြူးနစ် အသင်းကို နည်းပြအဖြစ် တာဝန်ယူမည့် ဂျိုးဆက် ဂွာဒီယိုလာ၏ ပစ်မှတ်သည် တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဂါရတ်သ်ဘေးလ် ဖြစ်နေကြောင်း သိရှိရသည်။
ဘာစီလိုနာ နည်းပြ တာဝန်ကို ယူခဲ့စဉ်က ရီးယဲလ်မက်ဒရစ်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော ဂွာဒီယိုလာသည် ယခု တစ်ကြိမ်တွင်လည်း ဘေးလ်ကို သိမ်းပိုက်ရေး အတွက် ရီးယဲလ်နှင့် နောက်တစ်ကြိမ် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။ ပေါင်စတာလင် သန်း(၅၀)ထိ ပေါက်ဈေးရှိသော ဝေလ လက်ရွေးစင် တောင်ပံ ကစားသမားကို စပိန်လာလီဂါ ချန်ပီယံ ရီးယဲလ်ကလည်း ရာသီကုန်တွင် ကမ်းလှမ်းရန် ချိန်ရွယ်လျှက် ရှိသည်။ ဘိုင်ယန် အသင်းကို ရာသီကုန်တွင် စတင် တာဝန်ယူမည့် ဂွာဒီယိုလာသည် ယခုအချိန် ကတည်းက ဘေးလ်၏ ခြေစွမ်း အပေါ် ထောက်လှမ်း လေ့လာမှုများ ပြုလုပ်လျှက် ရှိသည်။
 သတင်းများက ဘိုင်ယန် အနေဖြင့် ရာသီကုန်တွင် မြင့်မားသော ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ဘေးလ်ကို ကမ်းလှမ်းလာဖွယ် ရှိနေကြောင်းလည်း သုံးသပ် ဖော်ပြခဲ့သည်။ ဂွာဒီယိုလာသည် ဘိုင်ယန်ကို မွမ်းမံ တည်ဆောက်ရန်အတွက် ပြောင်းရွှေ့စရိတ် ပေါင်စတာလင် သန်း(၁၀၀)မျှ အသုံးပြုခွင့် ရဖွယ် ရှိနေသလို ၎င်း၏ လူသစ်ဝယ်ယူရေး စီမံကိန်းတွင် တိကျသော ပစ်မှတ်များကို သတ်မှတ်ပြီး ဖြစ်နိုင်ကြောင်း သိရသည်။ အသက်(၂၃)နှစ်ရှိ ဘေးလ်မှာ တစ်ရာသီလုံး ခြေစွမ်းပေါ်လွင်စွာ ကစားပြနေသလို ယူရိုပါလိဂ် ပွဲစဉ်အဖြစ် အိုလံပစ်လိုင်ယွန်ကို (၂-၁)ဖြင့် အနိုင်ယူရာတွင်လည်း စပါးအတွက် (၂)ဂိုးလုံးကို ပြစ်ဒဏ်ဘောမှတစ်ဆင့် သွင်းယူပေးခဲ့သည်။
ဘေးလ်က "လောလောဆယ် ကျွန်တော့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ရနေပါတယ်။ ကျွန်တော့် ဘောလုံးစွမ်းရည်ကို ကိုယ်တိုင် ကျေနပ်နေမိသလို အသင်းကလည်း ကစားပုံ ကောင်းနေတာကြောင့် ကျွန်တော့်အတွက် ပိုပြီးတော့ လွယ်ကူနေပါတယ်"ဟု ဆိုသည်။ ၎င်းက အပြောင်းအရွှေ့ သတင်းများနှင့် ပတ်သက်ပြီး "ဘာမှတော့ အများကြီး မစဉ်းစားထားဘူး။ လောလောဆယ် စပါးအတွက် ပွဲစဉ်တိုင်းကို ကျွန်တော် အာရုံစိုက်နေပါတယ်။ ကျွန်တော့် လက်ရှိ ပုံစံကို ဆက်ထိန်းထားဖို့ပဲ အဓိက ကြိုးစားနေတာပါ"ဟုလည်း ပြောကြား သွားခဲ့သည်။ Ref: Daily Mail
|