|
Written by Admin Team
|
|
Friday, 15 February 2013 19:52 |
|
စာရွက်စာတမ်းများ အရ နည်းပြချုပ် အဖြစ် ရှိနေသေးသော်လည်း အသင်းကို တရားဝင် ကိုင်တွယ်ခွင့် မပေးတော့ဘဲ အနားပေးထားပြီ ဖြစ်သည့် ဘူဂေးလ်ရီးယား နည်းပြကြီး ဘောရစ်ဘန်ဂျက်ကို စာချုပ် ဖျက်သိမ်းရန် အသင်း တာဝန် ရှိသူများက ညှိနှိုင်းလျှက် ရှိရာ ယခုအခါ သဘော တူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရတနာပုံသည် မနက်ဖြန်တွင် ဘောရစ်နှင့် တရားဝင် လမ်းခွဲတော့မည် ဖြစ်သည်။ ဘောရစ်ကို အသင်းနှင့် ပတ်သက်ခွင့် စတင် ရုပ်သိမ်းခဲ့စဉ်က အသင်းမှ လစာ(၃)လစာ ပေးချေကာ စာချုပ် ဖျက်သိမ်းရန် ကြိုးပမ်းခဲ့သော်လည်း ဘောရစ်က လက်မခံသောကြောင့် ယခုကဲ့သို့ ကျန့်ကြာနေခြင်း ဖြစ်သည်။ ဘောရစ်အား စာချုပ် မဖျက်သိမ်းပါက စာချုပ်စဉ်က သဘော တူခဲ့သည့် အတိုင်း လစာနှင့် အခြား ထောက်ပံမှုများကို စာချုပ်သက်တမ်း ကုန်သည် အထိ ဖြည့်ဆည်းသွားရမည် ဖြစ်ရာ ရတနာပုံကလည်း စာချုပ်ဖျက်သိမ်းမှု လျှင်မြန်စွာ သဘောတူညီမှု ရရှိရန် လိုလားနေခဲ့သည်။ လက်ရှိတွင်မူ ဘောရစ်နှင့် ရတနာပုံ အသင်းတို့သည် လျှော်ကြေး(၄)လစာနှင့် သဘော တူညီမှု ရသွားခဲ့ပြီ ဖြစ်သည်။
စာချုပ်ဖျက်သိမ်း ခဲ့ခြင်းနှင့် ပတ်သက်၍ ဘောရစ်က "ဒီလိုဖြစ်ခဲ့တဲ့ အတွက် စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်က ပရော်ဖက်ရှင်နယ် ဆန်ဆန် လိုအပ်တာတွေ အကုန် လုပ်ပေးခဲ့ပါတယ်။ ပရိသတ်ကတော့ ပရိသတ် အလျှောက်ပဲ ရှိပါလိမ့်မယ်။ သူတို့က ထုတ်ဖို့ တောင်းဆိုကြတာကိုတော့ စိတ်ထဲမှာ ဘယ်လိုမှ မဖြစ်ပါဘူး။ ရလဒ်မကောင်းရင် ပရိသတ်က နည်းပြကို ထုတ်ဖို့ တောင်းဆိုတာ အစဉ်အလာ ပါပဲ။ ဒါပေမဲ့ အချိန်လေး နည်းနည်း ပိုမရတဲ့ အတွက် ကျွန်တော် နှမြောစိတ်တော့ ဖြစ်မိတယ်" ဟု ဖွင့်ဟခဲ့သည်။ အရှေ့အလယ်ပိုင်း ဘောလုံး လောကနှင့် အရှေ့ဥရောပရှိ လိဂ်များတွင် နှစ်ပေါင်း (၂၆)နှစ်ခန့် နည်းပြချုပ် အဖြစ် ကျင်လည်ခဲ့သည့် ဘောရစ်မှာ မြန်မာနေရှင်နယ်လိဂ်တွင် ရတနာပုံကို (၁)လသာ ကိုင်တွယ်ခွင့် ရခဲ့ပြီး အသင်းမှ ထုတ်ပယ် ခံခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် ရတနာပုံ အသင်းသည် နိုင်ငံခြားသား နည်းပြများနှင့် ကစားသမားများကို ခေါ်ယူပေးနေသည့် အပြင် အသင်း၏ နည်းစနစ် ဒါရိုက်တာ ရာထူးကိုပါ ရယူထားသည့် ရောဘတ်ကိုလည်း လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ရောဘတ်သည် ရတနာပုံအသင်းကို စတင်တည်ထောင်စဉ် ကတည်းက ကစားသမားများ နည်းပြများကို ခေါ်ယူပေးခဲ့ပြီး အစောပိုင်းက ခြေစွမ်းမြင့် ကစားသမားများနှင့် အရည်အချင်းရှိ နည်းပြများကို ခေါ်ယူပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ခေါ်ယူပေးခဲ့သည့် အရည်အချင်း နိမ့်ပါးသည့် ကစားသမားများကြောင့် ရောဘတ်၏ လုပ်ဆောင်မှုများကို သံသယ ၀င်လာခဲ့ရာမှ ယခုကဲ့သို့ လမ်းခွဲခဲ့ခြင်း ဖြစ်သည်။ ရောဘတ်သည် လက်ရှိ အချိန်တွင် တယ်ရိုဆက်ဆနာ အသင်း၏ မန်နေဂျာ အဖြစ်လည်း တာဝန်ယူထားပြီး တယ်ရိုနှင့်လည်း လမ်းခွဲဖွယ် ရှိနေကြောင်း သိရသည်။
|