Monday, 20 May 2013
Home World UEFA Champions League ဆောင်းပါးများ တစ်ကမ္ဘာလုံး စောင့်ကြည့်မယ့်ပွဲ (သို့မဟုတ်) ရီးယဲလ်မက်ဒရစ် - မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် သုံးသပ်ချက်
တစ်ကမ္ဘာလုံး စောင့်ကြည့်မယ့်ပွဲ (သို့မဟုတ်) ရီးယဲလ်မက်ဒရစ် - မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် သုံးသပ်ချက် PDF Print E-mail
Written by Admin Team   
Thursday, 14 February 2013 00:43
Share |

"ချန်ပီယံလိဂ် (၁၆)သင်း အဆင့်မှာ (၈)ပွဲ ကစားရမယ် ဆိုပေမယ့် တစ်ကမ္ဘာလုံး စောင့်ကြည့်မယ့်ပွဲက တစ်ပွဲတည်း ပါတယ်။ အဲဒါ ကျွန်တော်တို့နဲ့ ယူနိုက်တက် ကစားတဲ့ ပွဲပဲ။
ဟိုဆေးမော်ရင်ဟို (ရီးယဲလ်မက်ဒရစ် နည်းပြ)


"ဒီပွဲအတွက် စိတ်ပျက်စရာ တစ်ခုပဲ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ရီးယဲလ်နဲ့ ယူနိုက်တက်တို့ ကစားတဲ့ပွဲဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဖြစ်မနေတာပါပဲ"
ဆာအဲလက်စ်ဖာဂူဆန် (မန်ချက်စတာယူနိုက်တက် မန်နေဂျာ)


ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် မဲခွဲမှုတွေ ပြီးသွားကတည်းက တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စိတ်အဝင်စားဆုံး ပွဲစဉ်ဟာ ရီးယဲလ်နဲ့ ယူနိုက်တက်တို့ရဲ့ အားပြိုင်မှု ဖြစ်လာတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ ကလပ်အသင်း နှစ်ခုဟာ အောင်မြင်မှု ဂုဏ်ရှိန် ကြီးမားလွန်းသလို လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ နတ်ဘီလူးကြီးတွေအသွင် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ အနေအထားမှာတော့ ပြည်တွင်း ဖြတ်သန်းမှုတွေမှာ ရီးယဲလ်က ယိမ်းယိုင်နေသလောက် ယူနိုက်တက်က ပန်းပန်နေတာကို တွေ့နိုင်ပါတယ်။ ရီးယဲလ်က အမှတ်ပေး ဇယားထိပ်က ဘာစီလိုနာနဲ့ (၁၆)မှတ် ကွာဟပြီး ချန်ပီယံ ဘွဲ့ကို လက်လွှတ်ရဖို့ သေချာသလောက် ရှိနေပေမယ့် ယူနိုက်တက်ကတော့ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးကို (၁၂)မှတ်ဖြတ်ပြီး ချန်ပီယံဘွဲ့ကို ဆွတ်ခူးဖို့ အလားအလာ အင်မတန် ကောင်းနေပါတယ်။ ခုတော့ ပြည်တွင်းမှာ လားရာ မတူတဲ့ ကလပ်နှစ်ခု ချန်ပီယံလိဂ်မှာ ထိပ်တိုက် ရင်ဆိုင်ကြပါတော့မယ်။

ဘာနေဗျူးမှာ ကစားတဲ့ ပွဲစဉ်အပေါ် ကမ္ဘာတလွှားက မိန်းကလေး တော်တော်များများ ငြိုငြင်ကြဖို့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ချစ်သူများနေ့လို့ ခေါ်ဆိုတဲ့ Valentine's Dayမှာ သူတို့ရဲ့ ချစ်သူတွေက ညပိုင်း ဘောလုံး ပွဲကြည့်ထားတဲ့ အရှိန်ကြောင့် လန်းလန်းဆန်းဆန်း မရှိဘဲ ငူငူငေါင်ငေါင် ဖြစ်နေကြမှာ မို့လို့ပါ။ ပွဲကြီးပွဲကောင်း တွေ့ဆုံမှုမှာ လက်ရှိ အနေအထားတွေ အရတော့ ရီးယဲလ်က အိမ်ကွင်း အရှိန်နဲ့ ယူနိုက်တက်ကို အသာစီးယူမယ်လို့ ယေဘုယျ မျှော်လင့်နေကြပါတယ်။ တကယ်လည်း ယူနိုက်တက်နဲ့ ဘာနေဗျူးမှာ ကစားသမျှ (၄)ပွဲလုံး ရီးယဲလ်တို့ မရှုံးဖူးသလို နောက်ဆုံး (၃၃)ပွဲဆက် ဘယ်အသင်းမှ ရီးယဲလ်အိမ်ကွင်းမှာ အနိုင်မယူနိုင်ခဲ့တာကြောင့် စပိန်သားတို့ အခြေအနေ ကောင်းနေတာ အသေအချာပါပဲ။

နည်းပြ
နည်းပြချင်းကတော့ တစ်ယောက်တစ်မျိုး ထူးချွန်သူတွေ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ချယ်လ်ဆီးနဲ့ ပေါ်တိုတို့ကို ကိုင်တွယ်စဉ်တုန်းက ဖာဂူဆန်အပေါ် အသာစီး ရခဲ့တာတွေ ရှိပေမယ့် အင်တာမီလန် နည်းပြ ဘဝမှာတော့ စကော့သားကြီးကို မလှန်နိုင်ခဲ့ဘူး။ ခုတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ရီးယဲလ်နဲ့အတူ ယူနိုက်တက်ကို တစ်ကျော့ပြန် ရင်ဆိုင်မှာ ဖြစ်ပါတယ်။ ဆာအဲလက်စ်ကတော့ မော်ရင်ဟိုနဲ့ ရင်ဆိုင်ခဲ့တဲ့ အစောပိုင်း ကာလတွေမှာ အနိမ့်ပိုင်း ရောက်ခဲ့ပေမယ့် မော်ရင်ဟိုရဲ့ ဗျူဟာတွေကို ကျက်မိချိန်မှာတော့ အရင်းနှီးဆုံး မိတ်ဆွေနှစ်ယောက်ရဲ့ အားပြိုင်မှုက ပိုပြီး ဘက်မျှလာတာ မြင်နိုင်ပါတယ်။ မော်ရင်ဟို သတိထားရမယ့် နောက်တစ်ချက်က သူအသာစီး ယူခဲ့ဖူးစဉ် ကာလတွေကထက် ယူနိုက်တက်ရဲ့ လက်ရှိ လူအင်အားက ပိုတောင့်နေတယ် ဆိုတာပါပဲ။

အသင်းအင်အား
ခံစစ်ကတော့ နှစ်သင်းလုံး အမှားအယွင်းတွေ ရှိပါတယ်။ အသင်းခေါင်းဆောင် ဂိုးသမား အိုင်ကာ ကားဆီးလက်စ် မကစားနိုင်တာ ရီးယဲလ်အတွက် တစ်အားလျော့တာပါပဲ။ ပရီးမီးယားလိဂ် ကစားပုံနဲ့ အသားမကျသေးပေမယ့် သူပိုင်နိုင် ကျွမ်းကျင်တဲ့ စပိန်လာလီဂါ ရပ်ဝန်းက ကလပ်အသင်း တစ်ခုကို ရင်ဆိုင်တဲ့ အခါမှာတော့ ယူနိုက်တက် ဂိုးသမားလေး ဒေးဗစ်ဒီဂီယာတစ်ယောက် ယုံကြည်မှု ပိုမြင့်မားနေနိုင်ပါတယ်။ ရီးယဲလ်နောက်တန်းမှာ ပီပီ ဝင်ကစားဖို့ မသေချာပေမယ့် ရာဖာရယ်လ် ဗာရိန်းဆိုတဲ့ ပြင်သစ် လူငယ်လေးရဲ့ အရွယ်နဲ့မလိုက်တဲ့ ခြေစွမ်းကြောင့် အားတက်စရာပါ။ ယူနိုက်တက် ခံစစ်ကတော့ ရာသီအစပိုင်းမှာ တောက်လျှောက် ယိမ်းယိုင်ခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာ ပိုပြီး ကျစ်လစ်လာတာ တွေ့ရပါတယ်။ အထူးသဖြင့် နောက်ခံလူ ဖီးလ်ဂျုံးစ်ကို ကွင်းလယ်မှာ ထားကစားတဲ့အခါ ခံစစ်ရဲ့ ဝန်ထုပ်ဝန်ပိုးကို တော်တော်ကြီး လျှော့ချလိုက်နိုင်မှန်း ဖာဂူဆန် မြင်သာလာတာ ဗျူဟာပိုင်းအရ စိတ်ကြိုက် ကစားနိုင်တဲ့ အားသာချက် တစ်ခုပါပဲ။

ကွင်းလယ်မှာတော့ ရီးယဲလ် ကစားသမားတွေက ပါရမီပိုင်း ပိုသာပါတယ်။ မီဆွတ်အိုဇေးလ်ဟာ ဘောလုံးကို ပါးပါးနပ်နပ် ကိုင်တွယ်စေစားနိုင်သလို ဆမ်မီခီဒီရာနဲ့ ရှာဘီအလွန်ဆိုတို့ဟာ ကမ္ဘာ့အဆင့် ကွင်းလယ် ကစားသမားကောင်းတွေပါ။ သူတို့ခြေထဲမှာ ဘောလုံးကို စိတ်ကြိုက် ကိုင်ထားခွင့် ရပြီဆိုတာနဲ့ ပြိုင်ဘက်အတွက် ဒုက္ခရောက်သွားစေနိုင်ပါတယ်။ ယူနိုက်တက် ကွင်းလယ်မှာတော့ တွမ်ကလီဗာလေဟာ Box-to-Boxကစားပြီး ရီးယဲလ်ကွင်းလယ်လူတွေကို ဖိအားပေးဖို့ ကြိုးစားရပါမယ်။ Holding Midfielderပုံစံ ကစားတဲ့ မိုက်ကယ်ကာရစ်ဟာ အိမ်ရှင်အသင်းရဲ့ လွှမ်းမိုးမှုကို တွန်းလှန်ဖို့ အဓိက အကျဆုံး ဘောလုံးဖြန့်ဝေမှုတွေကို တာဝန်ယူဖို့ လိုပါတယ်။ ယူနိုက်တက် ခံစစ်ဟာ အဖိခံရချိန်မှာ ဘောလုံးရှင်းထုတ်ပုံ မပြတ်မသား ဖြစ်တတ်ပြီး အဲဒီအချိန်မှာ ပြိုင်ဘက် ကွင်းလယ် တိုက်စစ်သမားတွေဆီ ဘောလုံးမရောက်ဖို့ အရေးကြီးပါတယ်။ ဖာဂူဆန် အနေနဲ့ ကွင်းလယ်တောင့်တဲ့ ရီးယဲလ်ကို အကောင်းဆုံး ရင်ဆိုင်ဖို့အတွက် ဂျုံးစ်ကိုပါ အသုံးပြုပြီး အလယ်တန်း(၅)ယောက် ပုံစံနဲ့ ပွဲထွက်လာနိုင်ပါတယ်။

တိုက်စစ်မှာတော့ ရော်နယ်လ်ဒိုသာ မပါရင် ရီးယဲလ်ရှေ့တန်းက သာမန်ထက် နည်းနည်းလေး သာရုံပါပဲ။ ဒါပေမဲ့ အဲဒီရော်နယ်လ်ဒို ဆိုတာကလည်း အဘက်ဘက်က ပြည့်စုံတဲ့ တကယ့် Dangerကစားသမားမျိုး။ ပိုပြီး ရင်ခုန်စရာ ကောင်းတာက သူ့ကို အဲဒီလိုအဆင့်ရောက်အောင် တွန်းတင်ပေးခဲ့တာက ယူနိုက်တက်နဲ့ ဖာဂူဆန်တို့ ဖြစ်နေပြန်တယ်။ ရီးယဲလ် ခံစစ်သမားတွေ အနေနဲ့လည်း ရော်ဘင်ဗန်ပါစီနဲ့ ဝိန်းရွန်နီတို့ နှစ်ယောက်ကို ဘယ်လို ထိန်းရမလဲဆိုတာ ကြိုတွေးရုံနဲ့ ခေါင်းစားနေမှာ သေချာပါတယ်။ ဒီပွဲမှာ ဂိုးမရှိ သရေနဲ့ မပြီးစေရဘူးလို့ ဆာအဲလက်စ်ကလည်း ကြိုတင် ကတိခံထားလေတော့ ကမ္ဘာကျော် တိုက်စစ်အင်အားစု နှစ်ခုရဲ့ အားပြိုင်မှုကို မြင်ရတွေ့ရမှာ သေချာနေပါတယ်။

မဟာဗျူဟာ
တူညီတဲ့ အချက်တစ်ခုကတော့ နှစ်သင်းလုံးဟာ တန်ပြန်တိုက်စစ်မှာ သေလောက်အောင် ကြမ်းကြတယ် ဆိုတာပါပဲ။ အိမ်ရှင် ရီးယဲလ် အသင်းရဲ့ ကွင်းလယ်က အိုဇေးလ်နဲ့ အလွန်ဆိုတို့ဆီက ထွက်လာတဲ့ ဘောလုံးတိုင်းကို ချောင်းနေတဲ့ ရော်နယ်လ်ဒို ရှိတယ်။ သူ့ဘေးမှာ ကီရင်ဘန်ဇီးမားက အဆင်သင့် ရံပြီးတော့ စောင့်နေနိုင်တယ်။ ရီးယဲလ်ရဲ့ ကွင်းလယ်ဝင်ရိုး နှစ်ယောက်ဟာ ဘောလုံးကို အနီးပေး၊ အဝေးပေး ဖြန့်ဝေရာမှာ အရမ်းတိကျသလို ရော်နယ်လ်ဒိုရဲ့ မြန်နှုန်းကြောင့် ယူနိုက်တက်နောက်တန်း တစ်ချက်မှားတာနဲ့ ပေါက်ထွက်သွားနိုင်ပါတယ်။

ယူနိုက်တက်ကလည်း တန်ပြန်တိုက်စစ်ကို ထိထိရောက်ရောက် အသုံးချတတ်တဲ့ အသင်းဖြစ်ပါတယ်။ တောင်ပံတွေရဲ့ လုပ်အားနှုန်းကို အပြည့်အဝ အသုံးချ ကစားလေ့ရှိသလို ကွင်းလယ်က ကလီဗာလေရဲ့ အလှုပ်ဝင်တိုးတဲ့ ပုံစံကြောင့် တိုက်စစ်မှာ နေရာလွတ်တွေ ချဲထုတ်နိုင်သလို ဗန်ပါစီရဲ့ နေရာယူ ရွေ့လျားပုံတွေကလည်း ယူနိုက်တက် ထိုးစစ်ကို ပိုပိုပြီး အသက်ဝင်လာစေပါတယ်။ အထူးသဖြင့် ဒီရာသီမှာ ယူနိုက်တက်ဟာ ဂိုးရဖို့ မပူရလောက်ဘူးဆိုတဲ့ အခြေအနေထိ ရောက်လာအောင် တိုက်စစ်ပိုင်း မြိုင်ဆိုင်လာပါတယ်။ နောက်တစ်ချက် စဉ်းစားရမှာက ဗန်ပါစီရဲ့ တည်ကန်ဘောတွေဟာ ယူနိုက်တက်အတွက် သွင်းဂိုးအရေအတွက်ကို မြှင့်တင်နိုင်ဖို့ ရာခိုင်နှုန်း တော်တော်များများ အထောက်အကူ ဖြစ်နေစေတယ် ဆိုတာပါပဲ။

သုံးသပ်ချက်
တစ်သင်းသင်းဘက်က မဖြစ်မနေ ရပ်တည်ပါ ဆိုရင်တော့ အိမ်ကွင်း အားသာချက်ရော၊ ချန်ပီယံလိဂ်ကို ဖောင်ဖျက် ကစားရမယ့် စိတ်ဓာတ်ရေးရာ တွန်းအားပါ ရှိနေတဲ့ ရီးယဲလ်ကိုပဲ စာရေးသူ ရွေးချယ်ပါမယ်။ ဒါပေမဲ့ အဲဒီတွန်းအားဟာ ဖိအားလည်း ဖြစ်သွားနိုင်တယ် ဆိုတာ သတိချပ်ဖို့ လိုပါတယ်။ နှစ်သင်းလုံးက တိုက်စစ်ကို ခံစစ်ထက် အသားပေး ကစားလေ့ ရှိတာကြောင့် သွင်းဂိုးလည်း များမယ်လို့ ခံစားမိပါတယ်။ ရီးယဲလ်ဟာ ချန်ပီယံလိဂ်မှာ အရေးကြီးတဲ့ အဝေးဂိုးကို ခွင့်မပြုရအောင် ကြိုးစားရမှာ ဖြစ်ပေမယ့် အောင်မြင်မယ်တော့ မထင်ပါဘူး။ ယူနိုက်တက်ကတော့ အဝေးဂိုး သွင်းနိုင်ပြီး (၁)ဂိုးတည်းနဲ့ ကပ်ရှုံးရင် အမြတ်ပါ။ အဝေးဂိုးပါသွင်းပြီး သရေကျရင်တော့ လက်ခမောင်းခတ်သင့်ပြီလို့ ဆိုနိုင်ပါတယ်။

ဒီပွဲအတွက် တစ်ကမ္ဘာလုံးက စောင့်မျှော်နေပါပြီ။ ကမ္ဘာပေါ်မှာ အတော်ဆုံး မန်နေဂျာ နှစ်ယောက်ရဲ့ ဉာဏ်ရည်ချင်း စစ်ထိုးမယ့်ပွဲ၊ ပြီးတော့ ဘောလုံးကြယ်ပွင့် တစ်ယောက်ရဲ့ အိပ်မက်ဆန်ဆန် စိတ်လှုပ်ရှားရတဲ့ ပရော်ဖက်ရှင်နယ်နဲ့ နှလုံးသားတို့ လွန်ဆွဲမယ့်ပွဲစဉ် တစ်ခု ဖြစ်ပါတယ်။ ဒီပွဲဟာ ဗိုလ်လုပွဲ မဟုတ်တဲ့အတွက် ဝမ်းနည်းမိကြောင်း ဖာဂူဆန်က ပြောပါတယ်။ ဆာအဲလက်စ်ကတော့ နှစ်ကျော့ကစားပြီးချိန် ကျန်ခဲ့မယ့် အသင်းတစ်သင်းအတွက်ပဲ ကြိုဝမ်းနည်းမိတယ်။ သေချာတာကတော့ ယူနိုက်တက်ရော၊ ရီးယဲလ်ပါ ဒီအဆင့်ကနေ ပြိုင်ပွဲက ထွက်ခွာဖို့ မတန်ဘူး မဟုတ်လား။

Last Updated on Thursday, 14 February 2013 01:11
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.