|
Written by Admin Team
|
|
Wednesday, 13 February 2013 05:09 |
|
ရတနာပုံ အသင်းသည် ယနေ့ညနေက ခြေစမ်းကစားခဲ့သည့် ထိုင်းပရီးမီးယားလိဂ် ထိပ်သီးကလပ် အသင်း တယ်ရိုဆက်ဆနာ အသင်းနှင့် ပွဲတွင် (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ခြေစမ်းပွဲများ လာရောက် ကစားသည့် တယ်ရို ဆက်ဆနာ အသင်းသည် ပထမဆုံး ခြေစမ်းပွဲ အဖြစ် ရတနာပုံ အသင်းနှင့် ဗထူးကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရွေးစင် အသင်းသို့ ကစားသမား (၇)ယောက် အထိ ပေးထားရသည့် ရတနာပုံ အသင်းသည် ယခုပွဲတွင် ကျန်ရှိသည့် ၀ါရင့် ကစားသမားများနှင့် နိုင်ငံခြားသားများကို တွဲဖက် ပွဲထုတ်ခဲ့ကြောင်း သိရသည်။ ရတနာပုံ အနေဖြင့် ပွဲအစ (၇)မိနစ်မှာပင် ယခုပွဲ၌ ဒီဂျန်နှင့် တွဲဖက်ကာ ပွဲထွက်လာသည့် ၀ါရင့်နောက်ခံလူ ကျော်ခိုင်ဝင်းက ဂိုးသမား ညီညီလွင်ကို ပြန်ပေးရာတွင် ဂိုးအတွင်းသို့ ၀င်သွားခဲ့သောကြောင့် တယ်ရိုတို့ကို ဦးဆောင်ဂိုး ပေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ရတနာပုံ အနေဖြင့် ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း ရန်ပိုင်က (၂၃)မိနစ်တွင် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ သောကြောင့် ပထမပိုင်း အပြီးတွင် တစ်ဘက် တစ်ဂိုးစီဖြင့် သရေကျနေခဲ့သည်။ ဒုတိယပိုင်း ပြန်လည် စတင်ပြီး မကြာမီမှာပင် လူစားဝင် ကစားသမား ဘီဟီက တယ်ရို ဆက်ဆနာအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး တယ်ရိုကို (၁-၂)ဂိုးဖြင့် ဦးဆောင်စေခဲ့သည်။ မိနစ် (၆၀)တွင်လည်း ဘီဟီကပင် နောက်တစ်ဂိုး ထပ်သွင်းပေးခဲ့ သောကြောင့် တယ်ရိုတို့ (၁-၃)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ သို့သော် တယ်ရိုတို့ ဂိုးသွင်းပြီး မကြာမီ ပွဲချိန် (၆၈)မိနစ်မှာပင် အောင်မြင်အေးက ရတနာပုံအတွက် ချေပဂိုး (၁)ဂိုး သွင်းယူပေးကာ ပွဲရလဒ်ကို (၂-၃) ဖြစ်စေခဲ့သည်။ ရတနာပုံသည် နောက်ပိုင်း ပွဲချိန်များတွင် ဒွေးကိုကိုချစ်၊ ဇေယျာမင်း၊ ရဲကိုဦး၊ ဖြိုးမောင်မောင်ကျော် အစရှိသည့် လူငယ်များကို ထည့်သွင်း ကစားခဲ့ရာ ချေပဂိုး ထပ်မံသွင်းယူ နိုင်ခဲ့ခြင်း မရှိသောကြောင့် ပွဲအပြီးတွင် (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ယမန်နှစ်က ရတနာပုံနှင့် တယ်ရိုတို့ ခြေစမ်း ကစားခဲ့စဉ်က
တယ်ရိုဆက်ဆနာသည် ရတနာပုံနှင့် ခြေစမ်း ကစားပြီးနောက် အခြား မြန်မာနေရှင်နယ်လိဂ် ထိပ်သီး အသင်းများ ဖြစ်သည့် ဧရာဝတီ၊ ရန်ကုန် အစရှိသည့် အသင်းများနှင့် သုဝဏ္ဏကွင်းတွင် ခြေစမ်း ကစားဦးမည် ဖြစ်ကြောင်း သိရသည်။ ဧရာဝတီနှင့် ခြေစမ်းပွဲကို ဖေဖော်ဝါရီ (၁၄)ရက်တွင် ကစားမည် ဖြစ်ပြီး ရန်ကုန်နှင့် ခြေစမ်းပွဲကို (၁၆)ရက်နေ့တွင် ကစားမည် ဖြစ်ကြောင်း သိရသည်။
|