Friday, 24 May 2013
Home MNL Articles အညာဒါဘီနဲ့ ပရိသတ်တွေကို ဆွဲဆောင်ဦးမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)

အညာဒါဘီနဲ့ ပရိသတ်တွေကို ဆွဲဆောင်ဦးမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅) PDF Print E-mail
Written by Admin Team   
Friday, 08 February 2013 05:40
Share |

မြန်မာနေရှင်နယ်လိဂ်ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး ပွဲစဉ်တွေ ထဲက တစ်ခုဖြစ်တဲ့ အညာဒါဘီ ပွဲက ဒီတစ်ပတ် ပွဲစဉ်(၅)မှာ ပါဝင်လာပါတယ်။ ကွင်းတွင်း ခြေစွမ်းတွေသာမက ကွင်းပြင်ပ ဖြစ်ရပ်တွေ ကြောင့်လည်း ဒီပွဲဟာ မြန်မာနေရှင်လိဂ်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲတစ်ပွဲ ဖြစ်နေဆဲပါ။ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဇေယျာရွှေမြေကို ရလဒ်ဆိုးနေတဲ့ ရတနာပုံတို့ ဘယ်လိုဧည့်ခံမလဲ၊ ဇေယျာတို့ အမှတ်လျော့အောင်ပဲ ရတနာပုံ စွမ်းဆောင်နိုင်မလား၊ ရတနာပုံပဲ ရှုံးပွဲဆက်မှာလား၊ ရန်ကုန်ကရော ထိပ်ဆုံးက ဇေယျာ ခြေချော်ခဲ့ရင် အခွင့်ကောင်း ယူနိုင်မလား ဆိုတာကိုတော့ ပွဲစဉ်(၅)မှာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။



ရတနာပုံ - ဇေယျာရွှေမြေ
(ယမန်နှစ် တွေ့ဆုံမှု = ရတနာပုံ ၄-၁ ဇေယျာရွှေမြေ၊ ဇေယျာရွှေမြေ ၁-၁ ရတနာပုံ)

 



မြန်မာနေရှင်နယ်လိဂ်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ်တွေထဲက တစ်ခုဖြစ်တဲ့ အညာဒါဘီ ပွဲကတော့ အရင်နှစ်တွေလိုပဲ တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု ကောင်းနေပါတယ်။ အိမ်ရှင်
ရတနာပုံဟာ လက်ရှိမှာ ခြေစွမ်းနဲ့ ရလဒ်ပိုင်း ဆိုးရွားမှုတွေကြောင့် နည်းပြချုပ်ကို ရာထူးကနေ ပူပူနွေးနွေး ဖယ်ရှားထားတဲ့ အသင်းပါ။ ဒါ့အပြင် အသင်းခေါင်းဆောင် အောင်ကျော်မိုးကို ကစားသမား/ နည်းပြ အဖြစ်ခန့်ထား ပြန်ပါတယ်။ ရလဒ်ဆိုးတွေကြောင့် အသင်းပိုင်ရှင် ဖြစ်သူရဲ့ ငြိုငြင်မှုကို ခံလာရချိန်မှာ အိမ်ကွင်းမှာ ဧည့်ခံရမယ့် ဒါဘီပြိုင်ဘက် ဇေယျာရွှေမြေနဲ့ ပွဲကို ရလဒ်ကောင်း ရဖို့ ကြိုးစားမှာ သေချာနေပါတယ်။ ဇေယျာရွှေမြေကလည်း ရာသီအစက တွက်ကိန်းတွေနဲ့ တက်တက်စင် လွဲရလောက်အောင် ခြေစွမ်းရော၊ ရလဒ်ပါ ကောင်းမွန်နေတဲ့ အသင်းပါ။ ကစားပြီးခဲ့တဲ့ (၄)ပွဲလုံးကို အနိုင်ကစားထားနိုင်ပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ ရန်ကုန်ကို ပြီးခဲ့တဲ့ ပွဲမှာ အောက်ကို ဆွဲချနိုင်ခဲ့ပါတယ်။ ဒီလို ရလဒ်ကောင်းတွေ ရထားဖူးတဲ့ အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီ ဗထူးကွင်းမှာ ကစားတုန်းက (၄-၁)နဲ့ အပြတ်အသတ် အနိုင်ကျင့် ခံခဲ့ရတာကို အခဲကျေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုလို ခြေစွမ်းအပေါ်စီး ရောက်နေချိန်မှာ အိမ်နီးချင်းကို အသာရဖို့ သေချာပေါက် အနိုင်ကန်မှာ သေချာနေပါတယ်။



လက်ရှိ ခြေစွမ်းပိုင်းကို ချိန်ထိုးကြည့်ရင်တော့ ဇေယျာရွှေမြေက အသာစီးရနေပါတယ်။ ဇေယျာရွှေမြေရဲ့ အသင်းလိုက် ကစားပုံက မြိုင်ဆိုင်မှု ရှိသလို ဂိုးတစ်ဂိုး သွင်းနိုင်ဖို့လဲ ခက်ခဲမှု
မရှိပါဘူး။ ခံစစ်ပိုင်းကလည်း အကောင်းဆုံး အနေအထားမှာ ရှိနေပြီး ခုချိန်ထိ တစ်ဂိုးမှ မပေးရသေးပါဘူး။ ရတနာပုံကတော့ ကစားသမား စုဖွဲ့မှု အပိုင်းမှာ ဇေယျာရွေှ့မြေထက် အများကြီး အသာရနေပေမယ့် အသင်းလိုက် ကစားပုံကတော့ ဆိုးရွားနေပါတယ်။ ကစားပြီးခဲ့တဲ့ ပွဲတွေမှာ တစ်ပွဲမှ ပုံစံကောင်းကို ပြနိုင်ခြင်း မရှိသေးပါဘူး။ ဂိုးသမား သီဟစည်သူ
လက်စွမ်းပြနေပေမယ့် ခံစစ်ကြောင်း အားနည်းချက်တွေကြောင့် ဂိုးတွေတော်တော် ပေးထားရပါတယ်။ ဒီပွဲမှာ ရတနာပုံအတွက် မျှော်လင့်ရမှာက ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်း
မြင့်တက်လာဖို့ကိုပါ။ ဒီလို မိုးထဲရေထဲ ရောက်နေချိန်မှာမှ ကစားသမားတွေ အနေနဲ့ အဖြစ်သင့်ဆုံး ပုံစံကောင်း တစ်ရပ်ကို တိတိပပ မပြနိုင်သေးဘူး ဆိုရင်တော့ အနာဂါတ်ကိုပါ
ထိခိုက်နိုင်ခြေ ရှိနေပါပြီ။ ရတနာပုံ ကစားသမားတွေ အနေနဲ့ ပျောက်ဆုံးနေတဲ့ တိုက်လိုခိုက်လိုစိတ်ကို ပြန်ရခဲ့ရင်တော့ ရတနာပုံအတွက် အရာအားလုံးကို မျှော်လင့်နိုင်ပါ လိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဒီပွဲက ဇေယျာရွှေမြေ အတွက် ဖြစ်သွားမှာပါ။ လက်ရှိ ခြေစွမ်းကိုသာ မူတည်ပြီး ခန့်မှန်းရမယ် ဆိုရင်တော့ ဇေယျာအနိုင်ရဖို့က ရာခိုင်နှုန်း (၆၀)လောက် ရှိနေပြီး၊ သရေကျဖို့က (၂၀) ရာခိုင်နှုန်းနဲ့ ရတနာပုံ နိုင်ဖို့အတွက်က (၂၀)ရာခိုင်နှုန်း လောက်ပဲ အခွင့်အရေး ရှိနေပါတယ်။

ဧရာဝတီ ယူနိုက်တက် - ရခိုင် ယူနိုက်တက်
(ယမန်နှစ် တွေ့ဆုံမှု = ဧရာဝတီ ၃-၁ ရခိုင်၊ ရခိုင် ၁-၄ ဧရာဝတီ)

နိုင်ပွဲလုံးဝ မရသေးတဲ့ ဧရာဝတီအတွက် ပထမဆုံး နိုင်ပွဲရနိုင်ဖို့ အခွင့်အရေး ရှိတဲ့ ပွဲပါ။ AFC Cup ပြိုင်ပွဲရှိနေလို့ နိုင်ငံခြားသား ကစားသမား အသစ်တွေကို အားဖြည့်ခဲ့တဲ့ အပြင် ပြည်တွင်း ကစားသမားတွေကိုပါ ခေါ်ပြီး ပြင်ဆင်ခဲ့တဲ့ ဧရာဝတီဟာ ပွဲစဉ်(၄) ပြီးချိန်အထိ နိုင်ပွဲ တစ်ပွဲမှ မရသေးတာကတော့ အတော်လေး အံ့သြဖို့ ကောင်းနေပါတယ်။ ဧရာဝတီ အနေနဲ့ ပွဲပေါင်း (၄)ပွဲ ကစားပြီးချိန်မှာ (၃)ပွဲဆက် သရေ ကျခဲ့ပြီး နောက်ဆုံးပွဲ ဖြစ်တဲ့ ကမ္ဘောဇနဲ့ ပွဲမှာတော့ (၃-၀)နဲ့ ဂိုးပြတ် ရှုံးနိမ့်ထားခဲ့တာကြောင့် ရလဒ်ပိုင်းမှာ သရေ(၃)ပွဲ၊ ရှုံးပွဲ (၁)ပွဲနဲ့ သိပ်အဆိုးကြီး မဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် ရမှတ်ကတော့ ခုချိန်ထိ (၃)မှတ်ပဲ ရထားတာကြောင့် အခြေအနေ ဆိုးနေတယ် လို့ပဲ ပြောရမှာပါ။ ဧရာဝတီရဲ့ အဓိက ပြဿနာက နိုင်လိုစိတ် နည်းပါးနေသေးတာနဲ့ တိုက်စစ်ပိုင်း အတွဲအဖက် မမိနိုင်သေးတာပဲ ဖြစ်ပါတယ်။ အသင်းလိုက် စုစည်းမှုအား သက်သက်နဲ့ ၂၀၁၁ ပြိုင်ပွဲမှာ ရှုံးပွဲမရှိ စံချိန်ကို ရယူနိုင်ခဲ့တဲ့ ဧရာဝတီလို အသင်းမျိုးအတွက် အသင်းလိုက် စုစည်းမှု အားနည်းချက်တွေကြောင့် ရလဒ်တွေ မကောင်းဘူး ဆိုတာက လက်ခံနိုင်စရာ မရှိတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ရခိုင်ယူနိုက်တက် ကတော့ အဖွင့်ပွဲမှာ ရတနာပုံလို အသင်းကြီးမျိုးကို စိတ်ဓါတ်ကောင်းကောင်း၊ စုစည်းအား ကောင်းကောင်းနဲ့ သရေကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ (၃)ပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့ပါတယ်။ ရှုံးခဲ့တဲ့ အသင်းတွေ ကလည်း ရန်ကုန် ကလွဲရင် ကျန်တဲ့ ဇွဲကပင်နဲ့ ဆောက်သမ်းက အသင်းကြီးတွေ မဟုတ်ပါဘူး။ ရှုံးပွဲတွေနဲ့အတူ အသင်းရဲ့ ခြေစွမ်းပိုင်းလည်း သိသိသာသာကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။ ဆောက်သမ်းကို ရှုံးခဲ့တဲ့ ပွဲမှာဆိုရင် ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းက တော်တော်လေး အားနည်းခဲ့ပြီး ဆောက်သမ်းကို ဘယ်လိုမှ မခြိမ်းခြောက် နိုင်ခဲ့ပါဘူး။ ရခိုင် ယူနိုက်တက် အနေနဲ့ လက်ရှိ အချိန်မှာ ရမှတ် (၁)မှတ်သာ ရသေးတာကြောင့် သူတို့ရဲ့ ဆိုးရွားနေတဲ့ အခြေအနေကို ပြောင်းလဲပြစ်နိုင်ဖို့ အားထုတ်လာမှာကတော့ သေချာနေပါတယ်။


အသင်းနှစ်သင်းရဲ့ စုဖွဲ့မှုခြင်း ယှဉ်ကြည့်ရင်တော့ ဧရာဝတီက အသာရနေပါတယ်။ ဧရာဝတီရဲ့ လူစာရင်းက လုပ်ရင် လုပ်သလောက် ဖြစ်နိုင်စွမ်း ရှိနေပြီး ရခိုင်ရဲ့ လူအင်အားက အစွမ်းကုန် အားထုတ်လာရင်တောင် လက်ရှိ အနေအထားမှာတော့ သရေထက် ပိုပြီး မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ဒီပွဲမှာ ဧရာဝတီက သူတို့ရဲ့ ပထမဆုံး အနိုင်(၃)မှတ်ကို
ရယူသွားပါလိမ့်မယ်။

ဆောက်သမ်းမြန်မာ - မကွေး
(ယမန်နှစ် တွေ့ဆုံမှု = မကွေး ၄-၁ ဆောက်သမ်း၊ ဆောက်သမ်း ၀-၁ မကွေး)

သေချာပေါက် ပွဲကောင်း တစ်ပွဲ ဖြစ်လာမယ့် ပွဲစဉ်တစ်ပွဲပါ။ အသင်းလိုက် ကစားပုံ ကောင်းမွန်တဲ့ အသင်းနှစ်သင်း တွေတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဆောက်သမ်းဟာ အဖွင့်ပွဲမှာ ကမ္ဘောဇကို အနိုင်ကစားခဲ့ပြီးနောက် (၂)ပွဲဆက် ရှုံးခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ရခိုင်ကို ဂိုးပြတ် ပြန်နိုင်ခဲ့ပါတယ်။ မြန်မာ ကစားသမားတွေနဲ့ချည်း ဖွဲ့ထားတဲ့ အသင်းဖြစ်လို့ တိုက်စစ်ပိုင်းမှာ အားနည်းမှုတွေ ရှိနေပေမယ့် အသင်းလိုက် ကစားပုံကတော့ အတော်လေး ဟန်ချက်ညီတာကို တွေ့ရပါတယ်။ နှစ်ရှည်လများ တွဲကစားလာတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် တစ်ဦးအကြောင်း တစ်ဦး သိနေကြပြီး သူတို့ရဲ့ အသင်းလိုက် ကစားပုံက အတော်လေး ညက်ညောတာကို တွေ့ရပါတယ်။ မကွေးကလည်း ဆောက်သမ်းလိုပဲ အသင်းလိုက် ကစားပုံ အတော်ကောင်းတဲ့ အသင်းပါ။ သူတို့ရဲ့ တိုက်စစ်တွဲလုံး မျိုးတွေကို အသင်းကြီးတွေတောင် မကစားနိုင်ကြပါဘူး။ ပြည်တွင်း ကစားသမားချင်း ယှဉ်ကြည့်မယ် ဆိုရင် မကွေး ကစားသမားတွေနဲ့ ဆောက်သမ်း ကစားသမားတွေ အများကြီး ကွာဟမှု မရှိပေမယ့် ပြည်ပ ကစားသမားတွေ ပါလာရင်တော့ ကွာခြားမှု ရှိသွားပါပြီ။ မကွေးရဲ့ ပြည်ပ ကစားသမား တွေထဲမှာလည်း တိုက်စစ်ပိုင်းက တီမော တိုက်စစ်မှူး အယ်မေးဒါးက လွဲလို့ ကျန်တဲ့ နိုင်ငံခြားသား တွေက အသင်းနဲ့ အတွဲအဖက် မိအောင် ကစားနိုင်စွမ်း ရှိနေတာကို တွေ့ရပါတယ်။

 

 

ဒီနှစ်သင်း တွေ့ဆုံမှုတွေကို ပြန်ကြည့်မယ် ဆိုရင်တော့ ဆောက်သမ်းကို မကွေးက ငယ်နိုင်လို ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီပွဲကို အဆုံးအဖြတ် ပေးမယ့် အရာကတော့ ပြည်ပ ကစားသမား ပါဝင်မှုလို့ ယူဆမိပါတယ်။ ပြည်ပ ကစားသမားတွေ ပါနေတဲ့ မကွေးထက် စာရင် ပြည်တွင်း ကစားသမားတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ ဆောက်သမ်းက ပိုပြီးအားနည်းတာကို တွေ့ရပါတယ်။ ပြည်တွင်း ကစားသမားတွေချည်း ဖြစ်နေလို့ ကစားပုံ ကောင်းလာရင် အရမ်းကောင်းနေ တတ်ပြီး ခြေပျက်ရင်လည်း အဖတ်ဆယ်လို့ မရအောင် ပျက်တတ်တာကို တွေ့ရပါတယ်။ မကွေးကတော့ ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်ပြီး အနိုင်မရခဲ့တဲ့ ပွဲတွေမှာတောင် ခြေစွမ်း မညံ့ခဲ့ပါဘူး။ ဒါ့အပြင် မကွေးက ခုချိန်ထိ မရှုံးသေးတဲ့ အသင်းဆိုတာကိုလည်း ထည့်စဉ်းစား ရပါလိမ့်မယ်။ အားလုံးကို ခြုံငုံစဉ်းစား ကြည့်မယ်ဆိုရင်တော့ ခြေစွမ်းကောင်းတဲ့ အသင်းနှစ်သင်း ဖြစ်နေလို့ ပွဲကကြည့်ကောင်းနိုင်ပြီး နိုင်ငံခြားသားတွေ ပါဝင်သလို ဂိုးသွင်းလည်း ပိုသေချာတဲ့ မကွေးက အနိုင်ရသွား ပါလိမ့်မယ်။

ရန်ကုန် ယူနိုက်တက် - နေပြည်တော်
(ယမန်နှစ် တွေ့ဆုံမှု = ရန်ကုန် ၁-၁ နေပြည်တော်၊ နေပြည်တော် ၁-၁ ရန်ကုန်)

ရန်ကုန်အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာနေပါတယ်။ နေပြည်တော် အနေနဲ့ ရန်ကုန်ကို တစ်ကြိမ်မှာ မနိုင်ဖူးပေမယ့် တွေ့တဲ့ အကြိမ်တိုင်းမှာ ကောင်းကောင်း ဒုက္ခပေးနိုင်တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်က တွေ့ဆုံမှုတွေမှာတော့ သရေရလဒ်တွေနဲ့သာ အဆုံးသတ်ထားပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ရန်ကုန်က ဇေယျာရွှေမြေကို ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ကနေ ဆင်းပေးခဲ့ရပါတယ်။ ချန်ပီယံဆုကို (၃)နှစ်ဆက် ရယူနိုင်ဖို့ မျှော်လင့်ချက် ကြီးကြီးနဲ့ ပြင်ဆင်ထားတဲ့ ရန်ကုန် အနေနဲ့ အမှတ်တွေကို အများကြီး ဆုံးရှုံးခံမှာ မဟုတ်ပါဘူး။ တစ်ဖက်မှာ ဇေယျာရွှေမြေက အမှတ်လျော့နိုင်တဲ့ အနေအထား ကြုံနေရတာမို့ ဒီပွဲကို အားထည့်ပြီး ပွဲထွက်လာမှာ သေချာပါတယ်။ နေပြည်တော်ကတော့ ပြီးခဲ့တဲ့ ပွဲစဉ် (၄)မှာ ပထမဆုံး နိုင်ပွဲရခဲ့ပါတယ်။ ပထမဆုံး နိုင်ပွဲကြောင့် စိတ်ဓါတ်တက်ကြွ နေမယ့် နေပြည်တော်တို့ ဒီပွဲကိုလည်း နိုင်ပွဲဆက်ဖို့ အားထည့်လာမှာ သေချာပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းကို သုံးသပ်ရမယ် ဆိုရင်တော့ ရန်ကုန်ရော နေပြည်တော်ပါ အကောင်းဆုံး ခြေစွမ်းမျိုး ရှိမနေပါဘူး။ ရန်ကုန်မှာ ကောင်းမွန်တဲ့ စုဖွဲ့မှုမျိုး ရှိနေပေမယ့် ခံစစ်ပိုင်း ပုံစံကောင်း မရသေးတာနဲ့ ပွဲစဉ်တစ်လျှောက်မှာ ခြေစွမ်းတသမတ်တည်း မရှိတာက အဓိက အားနည်းချက် ဖြစ်နေပါတယ်။ မနောမြေကို ကပ်နိုင်ခဲ့တဲ့ ပွဲနဲ့ ဇေယျာရွှေမြေကို ရှုံးခဲ့တဲ့ ပွဲတွေမှာ ဒီအချက်တွေက မြင်သာခဲ့ပါတယ်။ ရန်ကုန်ရဲ့ အဓိက နောက်ခံလူအဖြစ် တောက်လျှောက် ခြေစွမ်းပြခဲ့တဲ့ အောင်သိုက် အနေနဲ့ သူ့ရဲ့ ပါတနာဖြစ်တဲ့ သြဇီသား ရှက်ဗ်ကော့စကီးနဲ့ ခုထိတွဲဖက် မမိသေးတာက ရန်ကုန်အတွက် အဓိက ပြဿနာ ဖြစ်နေပါတယ်။ ဒါ့အပြင် အသင်းက ပွဲချိန် ပထမပိုင်းမှာ ခြေကောင်းနေတတ်ပြီး လုပ်သလို မဖြစ်ခဲ့ရင် ဒုတိယပိုင်းမှာ ခြေပျက်သွားတတ်တာပါ။ ဒီလို ခြေကျသွားချိန် တွေမှာ ရန်ကုန် အနေနဲ့ ဂိုးတွေ ပေးရလေ့ ရှိတာကလည်း ပြိုင်ဘက်တွေ အတွက် အခွင့်ကောင်းပါပဲ။ နေပြည်တော်ကတော့ အသင်းလိုက် ကစားပုံ မဆိုးပေမယ့် ဂိုးသွင်းနှုန်း နည်းလွန်း နေပါသေးတယ်။ အထူးသဖြင့် တိုက်စစ်သမားတွေ အခုထိ ဂိုးမရသေးတာက နေပြည်တော်ကို နိုင်သင့်နိုင်ထိုက်တဲ့ နိုင်ပွဲတွေနဲ့ ဝေးစေခဲ့ပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်နဲ့ တွေ့နေတာ ဖြစ်တာကြောင့် ဒုက္ခပေးနေကြ အသင်းကို ဆက်ပြီး ဒုက္ခပေးဦးမှာ သေချာပါတယ်။


ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားတွေကို ထည့်သွင်း စဉ်းစားမယ် ဆိုရင်တော့ ဇယားထိပ် နေရာကို ပြန်ရဖို့ ကြိုးစားမယ့် ရန်ကုန်ပဲ ဒီပွဲကို အနိုင်ရဖို့ ရှိပါတယ်။ ဒါပေမဲ့ ရန်ကုန်ဟာ နေပြည်တော်နဲ့ တွေ့တိုင်း ခက်ခက်ခဲခဲ ကစားရလေ့ ရှိပါတယ်။ မနှစ်ကလည်း ရန်ကုန်တို့ နေပြည်တော်ကို လုံးဝအနိုင်မရ ခဲ့ပါဘူး။ ရန်ကုန်တို့ အိမ်ကွင်းမှာ အနိုင်ရသွားနိုင်ခြေ ရှိပေမယ့် နေပြည်တော်ကို ဂိုးပြန်ပေးရနိုင်တာကြောင့် ပြတ်သားတဲ့ နိုင်ပွဲမဖြစ်နိုင်ပဲ သရေကျသွားနိုင်ခြေလည်း ရှိနေပါတယ်။

ဟံသာဝတီ ယူနိုက်တက် - ကမ္ဘောဇ
(ယမန်နှစ် တွေ့ဆုံမှု = ကမ္ဘောဇ ၂-၀ ဟံသာဝတီ၊ ဟံသာဝတီ ၃-၃ ကမ္ဘောဇ)

ခြေစွမ်းကောင်းပေမယ့် ရလဒ်မကောင်းသေးတဲ့ ဟံသာဝတီတို့ အတွက် အမှတ်ထပ်လျော့ဦးမယ့် ပွဲတစ်ပွဲပါ။ ဟံသာဝတီဟာ ရာသီအစကတည်းက ပုံစံကောင်းကို ပြနိုင်ခဲ့ပေမယ့် ဆောက်သမ်း တစ်သင်းကိုသာ အနိုင်ရထားပြီး ဇေယျာရွှေမြေ၊ ရတနာပုံ၊ နေပြည်တော် စတဲ့ အသင်းတွေကို ရှုံးနိမ့်ထားပါတယ်။ အသင်းလိုက် ကစားပုံ ကောင်းမွန်ပေမယ့် တိုက်စစ်ပိုင်းက ဂိုးသွင်းအား နည်းလွန်းတာကြောင့် နိုင်ပွဲရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ ကမ္ဘောဇကတော့ အဖွင့်ပွဲမှာ ဆောက်သမ်းကို ရှုံးခဲ့ပေမယ့် နောက်ပိုင်းမှာ နိုင်ပွဲတွေ ရယူနိုင်ပြီး ဇယားထိပ်ကို ပြန်တက်လာ နိုင်ခဲ့ပါတယ်။ ဧရာဝတီကို နိုင်ခဲ့တဲ့ ပွဲမှာဆိုရင် အသင်းလိုက် ပုံစံကောင်းကိုပါ ပြသနိုင်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာ အဆင့်(၃)ကို ရောက်နေပြီး ဒုတိယ နေရာက ရန်ကုန်နဲ့ (၂)မှတ်သာ ကွာနေတဲ့ အနေအထား ဖြစ်လို့ အမှီလိုက်နိုင်ဖို့ အတွက် အမှတ်လျော့ ခံမှာ မဟုတ်ပါဘူး။ ကမ္ဘောဇမှာ စိုးမင်းဦး၊ ကျော်ဇေယျာဝင်းတို့ ပုံမှန်ခြေစွမ်း ပြန်ရနေပြီ ဖြစ်သလို အသင်းရဲ့ အဓိက ဂိုးသွင်းရှင် နူးနက်ဇ်ကလည်း အရင်နှစ်တွေကလောက် ခြေစွမ်းမပြ နိုင်သေးပေမယ့် ဂိုးသွင်းစွမ်းရည်ကတော့ ကျမသွား သေးတာကို တွေ့ရပါတယ်။ ကစားကွက်နဲ့ ဂိုးသွင်းယူမှု အပိုင်းမှာ အားနည်းချက်တွေ ရှိနေပေမယ့် ဒီရာသီမှာ ပြစ်ဒဏ်ဘောတွေ ကချည်း (၃)ဂိုး သွင်းပေးထားတာကိုတော့ မေ့ထားလို့ မဖြစ်ပါဘူး။ ကမ္ဘောဇ အနေနဲ့ အဘက်ဘက်က အသာရနေတာ ကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဟံသာဝတီရဲ့ ရုန်းအားကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ရတနာပုံကို ရှုံးခဲ့တဲ့ ပွဲကလိုသာ ကစားလာခဲ့မယ် ဆိုရင် ကမ္ဘောဇတို့ အခက်တွေ့သွား နိုင်ပါတယ်။ ကမ္ဘောဇရဲ့ ခံစစ်က အမြင့်ဘောတွေကို သိပ်ဂရုစိုက်စရာ မလိုပေမယ့် ဟံသာဝတီလို တွဲလုံး လေးတွေနဲ့ ကစားတတ်တဲ့ အသင်းနဲ့ဆိုရင် အခက်တွေ့နိုင်ပါတယ်။ ဟံသာဝတီဟာ ရတနာပုံနဲ့ ပွဲမှာ နိုင်လောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် သီဟစည်သူ ကောင်းလွန်းတာကြောင့် ဂိုးမရခဲ့ပါဘူး။ ကမ္ဘောဇကိုသာ သေသေချာချာ ဖိအားပေး နိုင်ခဲ့မယ် ဆိုရင် ဂိုးရနိုင်ခြေ ရှိပါတယ်။



ခြုံငုံ သုံးသပ်ရမယ် ဆိုရင်တော့ ကမ္ဘောဇရဲ့ ခြေစွမ်းနဲ့ ဟံသာဝတီရဲ့ ရုန်းကန်အားတွေကြောင့် ကမ္ဘောဇသာ ဂိုးစောစော မရခဲ့ဘူး ဆိုရင် တော်တော်လေး အခက်တွေ့နိုင်ခြေ ရှိပါတယ်။ ပွဲချိန် အစောပိုင်းမှာ သရေကျနေဖို့ များပြီး ကမ္ဘောဇကပဲ ထုံးစံအတိုင်း နူးနက်ဇ်ရဲ့ ဂိုးနဲ့ အနိုင်ရသွားဖို့ ရှိနေပါတယ်။

ဇွဲကပင် ယူနိုက်တက် - မနောမြေ
(ယမန်နှစ် တွေ့ဆုံမှု = ဇွဲကပင် ၀-၂ မနောမြေ၊ မနောမြေ ၁-၀ ဇွဲကပင်)

အရင်နှစ်ကလိုသာ ဆိုရင်တော့ ဒီပွဲကို သေချာပေါက် မနောမြေရဲ့ နိုင်ပွဲလို့ ရေးမိမှာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဇွဲကပင်က ပြောင်းလဲမှုတွေနဲ့ အတူ သတိထားရမယ့် အသင်းတစ်သင်း ဖြစ်လာခဲ့ပါပြီ။ ဇွဲကပင်ဟာ အဖွင့်ပွဲမှာ ရန်ကုန်ကို ရှုံးနိမ့်ခဲ့သလို ဒုတိယပွဲမှာလည်း ဇေယျာရွှေမြေကို ဆက်ပြီး အရေးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆောက်သမ်းနဲ့ ရတနာပုံတို့ကို ဆက်တိုက် နိုင်ခဲ့ပါတယ်။ ပြည်တွင်း ကစားသမားတွေပဲ ရှိနေတဲ့ ဆောက်သမ်းကို တစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တာမို့ ထည့်မတွက် ချင်ရင်တောင် ရတနာပုံကို နိုင်ခဲ့တဲ့ ပွဲက ဇွဲကပင်ရဲ့ ခြေစွမ်းနဲ့ စိတ်ဓါတ်ကတော့ အသိအမှတ်ပြု ချီးကျူးရမှာ ဖြစ်ပါတယ်။ နီကိုလာနဲ့ တိုနီတို့ရဲ့ ခံစစ်ကြောင်းက တောင့်တင်းမှု အပြည့်ရှိသလို ကန်ရဲ့ ကွင်းလယ်နဲ့ ပီနာရဲ့ တိုက်စစ်က လက်ရှိ အချိန်မှာတော့ အသင်းတိုင်းကို ခြိမ်းခြောက်နိုင်စွမ်း အပြည့်ရှိနေပြီလို့ ပြောနိုင်ပါတယ်။ မနောမြေကတော့ ဧရာဝတီ နည်းတူ သရေ(၃)ပွဲနဲ့ (၁)ပွဲ ရှုံးထားပါတယ်။ ခြေစွမ်း မာကျောတဲ့ အသင်းဖြစ်ပြီး ဧရာဝတီ၊ ကမ္ဘောဇ၊ ရန်ကုန်၊ မကွေး စတဲ့ ကိုယ့်ထက် သာလွန်တဲ့ အသင်းတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ရန်ကုန် တစ်သင်းတည်း ကိုသာ ရှုံးခဲ့တာ ဖြစ်လို့ သူတို့ရဲ့ အားထုတ်မှုက လေးစားဖို့ ကောင်းတဲ့ အနေအထား တစ်ရပ်မှာ ရှိနေပါတယ်။ မနောမြေကို ပြောမယ်ဆိုရင် အဆာလေနဲ့ ကမ်ဘူးတို့ရဲ့ တိုက်စစ်အတွဲ ကိုပဲ ပြောရပါလိမ့်မယ်။ ဒီအတွဲက အသင်းတိုင်းကို ဒုက္ခပေးနိုင်စွမ်း ရှိနေပြီး ရထားတဲ့ ဂိုး(၅)ဂိုးမှာ ကမ်ဘူးရဲ့ ဖန်တီးမှုနဲ့ တစ်လုံးမှ မလွတ်ဘဲ အဆာလေကလည်း (၃)ဂိုး သွင်းထားပါတယ်။ အရပ်မမြင့်ပေမယ့် တိုးအားကောင်းသလို၊ ခေါင်းတိုက်လည်း ကောင်းတဲ့ အဆာလေက အသင်းတိုင်းကို ခြိမ်းခြောက် နိုင်စွမ်း ရှိသူဖြစ်ပါတယ်။



လက်ရှိ ခြေစွမ်းတွေအရ ဒီပွဲအတွက် သေချာပေါက် ပြောနိုင်တာက ပွဲကောင်းတစ်ပွဲ ဖြစ်မယ်ဆိုတာကိုပါ။ နှစ်သင်းစလုံး တိုက်စစ်တွေက ဂိုးတွေ သွင်းနိုင်ကြတာမို့ ဂိုးသွင်းလည်း များမယ့် ပွဲတစ်ပွဲလို့ ထင်မိပါတယ်။ ဇွဲကပင်ရဲ့ ဂျပန်ကွင်းလယ်လူ ကန်ကို မနောမြေ နောက်ခံလူတွေ ကြိုးစား ထိန်းရမှာ ဖြစ်သလို ကမ်ဘူးကို မထိန်းနိုင်ရင်လည်း ဇွဲကပင် ဒုက္ခများ သွားနိုင်ပါတယ်။ ဒီပွဲအတွက် အဖြစ်နိုင်ဆုံး ရလဒ်ကတော့ သရေရလဒ် ပါပဲ။

 

Last Updated on Friday, 08 February 2013 16:14
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.