|
Written by Admin Team
|
|
Sunday, 03 February 2013 04:20 |
|
ဖေဖော်ဝါရီ လအတွင်းမှာ မြန်မာနေရှင်နယ်လိဂ်-၂ (MNL-2) ပြိုင်ပွဲကို စတင် ကျင်းပမယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် လာပါတယ်။ တစ်ကယ်တော့ MNL-2 ဆိုတာ မြန်မာ နေရှင်နယ်လိဂ်ရဲ့အောက် တစ်ဆင့်နိမ့်တဲ့ ပြိုင်ပွဲတစ်ရပ်ပဲ ဖြစ်ပါတယ်။ မူလက MNL-2 ပြိုင်ပွဲကို ဆီမီးပရို ပြိုင်ပွဲအဖြစ် ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် MNL ကို တန်းတက်ခွင့် ရမယ့် ပြိုင်ပွဲတစ်ရပ် ဖြစ်တာကြောင့် MNL နည်းတူ ပရော်ဖက်ရှင်နယ် လိဂ်တစ်ခုအဖြစ် မွေးဖွားပေးသွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အသင်းပေါင်း (၉)သင်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အသင်းတွေက MNL က တန်းဆင်းသွား ခဲ့တဲ့ ချင်းယူနိုက်တက်၊ မော်ရ၀တီ အသင်းတွေနဲ့ အရင်က အပျော်တမ်း လိဂ်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ခဲ့ကြတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဒီအသင်းတွေ ထဲကမှ အထူးခြားဆုံး အသင်းဖြစ်တဲ့ ယူ-၁၉ အသင်းကို မြန်မာဘောလုံး ပရိသတ်တွေနဲ့ အရင်ဆုံး မိတ်ဆက်ပေးချင် ပါတယ်။

ယူ-၁၉ ဆိုတာ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)၊ ရတနာပုံ အကယ်ဒမီ၊ ရန်ကုန် ယူနိုက်တက် အကယ်ဒမီ အစရှိတဲ့ အကယ်ဒမီတွေက လူငယ်ကစားသမားတွေကို စုစည်းပြီး ယခုနှစ် စက်တင်ဘာလ အတွင်းမှာ ကျင်းပမယ့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဖွဲ့စည်းထားတဲ့ မြန်မာ့ လက်ရွေးစင် အသင်းဖြစ်ပါတယ်။ ယူ-၁၉ အသင်း အနေနဲ့ ဒီနှစ် အတွင်းမှာ အာဆီယံ ချန်ပီယံရှစ် အပြင် အာရှ ခြေစစ်ပွဲကိုပါ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာကြောင့် အသင်းကို ကာလရှည် စုစည်း လေ့ကျင့်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုအချိန် ကတည်းက ဖွဲ့စည်းခဲ့ခြင်း ဖြစ်တယ်လို့ အသင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ လက်ရှိ အချိန်မှာ အာဆီယံ ဘောလုံး အဖွဲ့ချုပ်က အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပွဲစဉ်ရေးဆွဲမှုတွေ ပြုလုပ်ရခြင်း မရှိသေးပေမယ့် စက်တင်ဘာလ အတွင်းမှာ ပြုလုပ်မယ်လို့ ကြေငြာပြီးပါပြီ။
အာဆီယံ ချန်ပီယံရှစ်ကို ၂၀၁၁ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံခဲ့ပါတယ်။ အဲဒီပြိုင်ပွဲ မတိုင်မီကလည်း မြန်မာ ယူ-၁၉ အသင်းကို တစ်နှစ်နီးပါး ကြိုတင် ဖွဲ့စည်းခဲ့ပြီး အပျော်တမ်းလိဂ် ပြိုင်ပွဲမှာ ၀င်ပြိုင်စေခဲ့ပါတယ်။ အပျော်တမ်းလိဂ်မှာ ဒုတိယ ရခဲ့တဲ့ ယူ-၁၉ အသင်းဟာ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ခြေစွမ်းပြပြီး အုပ်စုအဆင့်က လွတ်မြောက် နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ စတုတ္ထပဲ ရခဲ့ပါတယ်။ ဒီနှစ်မှာတော့ အပျော်တမ်း လိဂ်ထက် အဆင့်မြင့်တဲ့ ပြိုင်ပွဲ တစ်ရပ် ဖြစ်တဲ့ MNL-2 ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တာကြောင့် လူငယ် ကစားသမားတွေ အတွက် အတွေ့အကြုံ ကောင်းတွေ ရရှိနိုင်မယ်လို့ မျှော်လင့် နေကြပါတယ်။ "ဒီပြိုင်ပွဲကို ၀င်ပြိုင်ခွင့် ရခဲ့တာ သိပ်ကောင်းပါတယ်။ ဒီအသင်းမှာ ပါဝင်နေတဲ့ ကစားသမား လေးတွေဟာ အကယ်ဒမီတွေက ကစားသမားတွေ ဖြစ်ကြလို့ အတွေ့အကြုံ တော်တော်လေး နုနယ်ကြပါတယ်။ MNL-2 ပြိုင်ပွဲရဲ့ အဆင့်အတန်းက ဘယ်လောက် ရှိမယ်ဆိုတာကို မသိသေးပေမယ့် ကလပ်တွေမှာ နိုင်ငံခြားသား တွေလည်း ပါလာမယ်လို့ ကြားထားတာကြောင့် ကျွန်တော့် ကလေးတွေ အတွက် ၀မ်းသာမိပါတယ်"လို့ ယူ-၁၉ အသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ လေ့ကျင့်ပေးနေတဲ့ ဂျာမနီ နည်းပြကြီး ဂတ်ဆီဇီက ပြောကြားခဲ့ပါတယ်။

ဒီအသင်းကို လက်ရှိ အချိန်မှာ ကစားသမား (၂၉)ဦးနဲ့ ဖွဲ့စည်းထားပြီး အားလုံးက အကယ်ဒမီ ကစားသမားတွေ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ရှိတဲ့ မြန်မာ့ဘောလုံး အကယ်ဒမီက ကစားသမားတွေကို အခြေခံထားပြီး ရတနာပုံ အကယ်ဒမီ၊ ရန်ကုန် ယူနိုက်တက် အကယ်ဒမီနဲ့ မနောမြေ၊ မကွေး အစရှိတဲ့ အသင်းတွေရဲ့ လူငယ် ကစားသမားတွေ ပါဝင်ပါတယ်။ သူတို့ထဲက အချို့က အရံအသင်း ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ဖူးပြီး အများစုကတော့ သက်တမ်းအလိုက် ပြိုင်ပွဲတွေ လောက်က လွဲပြီး အခြားပြိုင်ပွဲ အတွေ့အကြုံ လုံးဝမရှိတဲ့ လူငယ် ကစားသမားတွေပါ။ ဒီလိုမျိုး အတွေ့အကြုံ မရှိတဲ့ လူငယ်တွေကို ရွေးချယ်ထားရတဲ့ အကြောင်းရင်းကတော့ လူငယ် ကစားသမား ရှားပါးနေတဲ့ အခြေအနေမှာ ခြေစွမ်းထက် လူငယ်တွေ ပေါ်ထွက်လာဖို့နဲ့ အသက်မှန်ကန်ဖို့ အတွက် ဖြစ်ကြောင်း ယူ-၁၉ အသင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့ပါတယ်။ "ဒီအသင်းအတွက် လူရွေးဖို့ ကျွန်တော်တို့ကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားပါတယ်။ ကစားသမားတွေရဲ့ နောက်ကြောင်းကို ပြန်လှန်လေ့လာပြီး ရွေးချယ်ခဲ့တာပါ။ သူတို့ ငယ်ငယ်က ကစားခဲ့တဲ့ ယူ-၁၂ ပြိုင်ပွဲတွေလောက်ထိ မှတ်တမ်းကို လိုက်ပြီး စစ်ဆေးခဲ့ပါတယ်။ ကျွန်တော်တို့ အသက် အလိမ်ခံရရင် သူတို့ ဟိုးငယ်ငယ် ကတည်းက လိမ်ခဲ့မှသာ ဖြစ်မှာပါ။ ကျွန်တော်တို့ အသင်းက ရာခိုင်နှုန်းပြည့် မဟုတ်ရင်တောင် ၉၅% လောက် အသက်မှန်ကန်တယ်လို့ ပြောနိုင်ပါတယ်။ ကစားသမား အသစ်လေးတွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီးတော့ လူသစ်တွေကို ဦးစားပေး ရွေးချယ်ခဲ့တာပါ"လို့ အဆိုပါ တာဝန်ရှိသူက ရှင်းပြခဲ့ပါတယ်။

အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ရည်ရွယ် ပြင်ဆင်နေတဲ့ အသင်းဖြစ်တာမို့ MNL-2 ပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့ များများစားစား မျှော်လင့်ထားခြင်း မရှိဘဲ လူငယ်တွေနဲ့ အကောင်းဆုံး ပေါင်းစပ်မှုတွေကို ရရှိနိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ အရင် အပျော်တမ်းလိဂ် ပြိုင်ပွဲတွေမှာ ရင်ဆိုင်ခဲ့ဖူးတဲ့ အသင်းအများစု ပါဝင်လာပေမယ့် ဒီတစ်ကြိမ်မှာ နိုင်ငံခြားသား ကစားသမားတွေပါ ပါဝင်လာမှာ ဖြစ်လို့ ယူ-၁၉က လူငယ်တွေ အတွက်တော့ အတွေ့အကြုံကောင်းတွေကို ရယူနိုင်မှာကတော့ အသေအချာ ပါပဲ။ ဒါပေမဲ့ MNL-2 အသင်းတွေရဲ့ လက်ရှိ အနေအထားနဲ့ ခြေစွမ်းတွေကို မသိနိုင် သေးတာကြောင့် ပြိုင်ပွဲရဲ့ အဆင့်အတန်းကလည်း ဘယ်လောက်ထိ ရှိမလဲ ဆိုတာကို မသိနိုင်သေးဘူးလို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ယူ-၁၉ အသင်း ၀င်ရောက် ယှဉ်ပြိုင်မယ့် MNL-2 ပြိုင်ပွဲဆိုတာက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီးလိုပဲ ပရော်ဖက်ရှင်နယ် စနစ်နဲ့ ကျင်းပမှာ ဖြစ်ပြီး အသင်းတွေကိုလည်း ပရော်ဖက်ရှင်နယ် အသင်းတွေရဲ့ ဖွဲ့စည်းပုံတွေ အတိုင်း ဖွဲ့စည်းစေခဲ့တာ ဖြစ်ပါတယ်။ အသင်း တစ်သင်းမှာ အနည်းဆုံး အသင်းပိုင် ဘတ်စ်ကား၊ အသင်းရုံးခန်းနဲ့ အနည်းဆုံး ငွေကျပ် သိန်း(၅၀၀)ရှိတဲ့ ဘဏ်အကောင့်တစ်ခုတို့ လိုအပ်ပါတယ်။ လက်ရွေးစင် အသင်းတစ်သင်း ဖြစ်နေတာကြောင့် ဒီအရာတွေကို လုံးဝပူစရာ မလိုဘူးလိုလည်း ယူ-၁၉ တာဝန်ရှိသူ တစ်ဦးက ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် အဖွဲ့ချုပ် ဥက္ကဌက ပရော်ဖက်ရှင်နယ် အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့ ယူ-၁၉ က ကစားသမားလေး တွေကို တစ်ဦးကို လစာ (၁)သိန်းနှုန်းနဲ့ ပေးချေနေတဲ့ အပြင် ပြိုင်ပွဲဝင် ၀တ်စုံတွေကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးထားပြီး ထရိန်နင် ၀တ်စုံတင် (၃)စုံစီ စီစဉ်ပေးထားကြောင်း၊ အခြား ဖိနပ်၊ လက်အိတ် အစရှိတဲ့ မရှိမဖြစ် အရာတွေနဲ့ လေ့ကျင့်ရေးသုံး ပစ္စည်းတွေကိုလည်း ပြည့်စုံအောင် ပံ့ပိုးပေးထားကြောင်းလည်း အသင်းက လက်ထောက်နည်းပြ တစ်ဦးက ဖွင့်ဟခဲ့ပါတယ်။
မြန်မာ့ ဘောလုံးလောကမှာ လူငယ် ကစားသမားကောင်း တွေဟာ ရွှေလိုမျိုး ရှားပါးနေတယ် ဆိုပေမယ့် မြန်မာ့ လူငယ် လက်ရွေးစင် အသင်းတွေကတော့ အောင်မြင်မှုတွေ မကြာမကြာ ရရှိနေပါတယ်။ ဒါပေမဲ့ ဒီလို အောင်မြင်မှု ရခဲ့တဲ့ လူငယ်တွေဟာ လက်ရွေးစင် အသင်းကြီးကို ရောက်လာချိန်မှာတော့ လက်ရွေးစင် အသင်းကြီးကို အောင်မြင်မှု ရရှိအောင် မစွမ်းဆောင် နိုင်တော့ပါဘူး။ ဒါဟာ သက်တမ်း မမှန်တဲ့ လူငယ် အသင်းတွေကြောင့် ဆိုတာကို ပရိသတ်ကလည်း သိနေကြပါပြီ။ ကလေးပွဲမှာ လူကြီးတွေနဲ့ ၀င်ပြိုင်တော့ အောင်မြင်မှု ရခဲ့ပေမယ့် တစ်ကယ်တမ်း လူကြီး လူကြီးချင်း တွေ့ချိန်မှာတော့ ဘာဖြစ်ခဲ့တယ် ဆိုတာ ပြီးခဲ့တဲ့ ဆူဇူကီးဖလား ပြိုင်ပွဲက သက်သေပြခဲ့ပြီးပါပြီ။ ဒီလို အမှားအယွင်းတွေကို ပြင်ဆင်ပြီး မြန်မာ့ဘောလုံး အနာဂါတ် စိတ်ချနိုင်ဖို့အတွက် တစ်ကယ့် လူငယ် စစ်စစ်တွေကိုပဲ ရွေးချယ်ထားတယ်လို့ ယူ-၁၉ အသင်းတာဝန် ရှိသူတွေက ရဲရဲကြီး အာမခံလာခဲ့ပါပြီ။ ကစားသမားတွေက သူတို့ အသက်တွေကို ဟိုးငယ်ငယ် ကတည်းက လိမ်ထားရင်တော့ မသိနိုင်ပါဘူး လို့ ဆိုခဲ့ပေမယ့် စစ်ဆေးနိုင်စွမ်း ရှိသလောက်တော့ အသက်မှန်အောင် စိစိစစ်စစ်နဲ့ ရွေးချယ်ထားကြောင်း နည်းပြချုပ် ကိုယ်တိုင်က အာမခံထားပါတယ်။ ဒါကြောင့်မို့ လူငယ် လေးတွေနဲ့ပဲ ဖွဲ့စည်းထားတယ် ဆိုတဲ့ ယူ-၁၉ အသင်းက MNL-2 လို နိုင်ငံခြားသားတွေ ပါဝင်လာမယ့် ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားနိုင်မလား၊ ဒီအသင်းကနေ မြန်မာ့လက်ရွေးစင် အသင်းကြီးကို အကျိုးပြုနိုင်မယ့် လူငယ်တွေ ဘယ်လောက်များ ပေါ်ထွက်လာမလား ဆိုတာကို ဖေဖော်ဝါရီ (၁၅)မှာ စတင်ကျင်းပမယ့် MNL-2 ပြိုင်ပွဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ကျွန်တော့် ကလေးတွေကို ဖိအားမပေးကြပါနဲ့ဟု ပြောကြားခဲ့သည့် ယူ- ၁၉ အသင်းနည်းပြချုပ် ဂတ်ဆီဇီနှင့် ခဏတာ

၂၀၁၁ ယူ-၁၉ ပြိုင်ပွဲမှာ တုန်းက ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေက ပြီးခဲ့တဲ့ ၂၀၁၂ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ဆိုင်ရာ ကလပ်တွေဆီမှာ နေရာမရကြဘူး။ အဲဒီအပေါ် ဘယ်လိုများ မှတ်ချက် ပေးချင်လဲ။ ဒါဟာ မြန်မာ ဘောလုံးလောကရဲ့ အဓိက အားနည်းချက်လို့ ထင်ပါတယ်။ လူငယ်တွေကို အသုံးမပြုရဲတော့ နောက်ဆုံးမှာ မြန်မာ ဘောလုံး လောကပဲ နစ်နာသွားပါတယ်။ နည်းပြတွေကိုတော့လည်း အပြစ်မတင် ချင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ သူတို့မှာကလည်း ဖိအားတွေ ရှိနေကြတယ်လေ။ နေလင်းထွန်း (BIDC ဖလားကို ဆွတ်ခူးခဲ့သည့် ယူ-၂၁ အသင်းမှ အဓိက တိုက်စစ်မှူး၊ လက်ရှိ ဧရာဝတီ ယူနိုက်တက်) ဆိုရင် သိပ်ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် အသင်းက သူ့ကို မသုံးရဲဘူး။ ဒီတော့ ကစားသမားတင်မက ဘောလုံး လောကလည်း နစ်နာပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ အသင်း အုပ်ချုပ်သူတွေ အနေနဲ့လည်း လူငယ် ကစားသမားတွေကို အခွင့်အရေး ပေးမယ့် ပေါ်လစီတွေကို ချမှတ် သင့်ပါတယ်။ နို့မဟုတ်ရင် လူငယ်တွေ ရှားသထက် ရှားလာလိမ့်မယ်။
ယူ-၁၉ အသင်း ဖွဲ့ဖို့အတွက်တော့ အခက်အခဲ ရှိခဲ့သေးလား။ မရှိပဲ နေမလားဗျာ။ လူငယ်တွေ အရမ်းရှား နေတယ်လေ။ ဒါက ကျွန်တော့်ကို တစ်ကယ် ဒုက္ခရောက် စေတယ်။ ခြေစွမ်း နည်းနည်း ကောင်းရင်ပဲ အသင်းကို ခေါ်နေရတယ်။ ဘာမှ မတတ်နိုင်ပါဘူး။ ရောက်လာတဲ့ ကစားသမားတွေကို အကောင်းဆုံး ဖြစ်အောင် လေ့ကျင့်ပေးပြီး ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်သွားမှာပါ။
ဒီအသင်းက အသက်မှန်ကန်တယ်လို့ ပြောနိုင်မလား။ ကျွန်တော်တို့ တတ်နိုင်သလောက်တော့ အသက်မှန်အောင် စစ်ဆေးထားပါတယ်။ ၉၅ ရာခိုင်နှုန်း လောက်တော့ အသက်မှန်နိုင်ပါတယ်။
၂၀၁၁ အသင်းက ပြိုင်ပွဲဝင်ကာနီးမှာ လူတွေ ပြောင်းသွားတယ်။ ဒီအသင်းရော အဲလို ဖြစ်ဦးမှာလား။ ကျွန်တော် ပြောနိုင်တာက ဒီအသင်းရဲ့ လူစာရင်းက အပြီးမသတ် သေးဘူးဆိုတာပါ။ ဒီအသင်းမှာ ရှိတဲ့ ကစားသမား (၂၉)ဦးလုံး ဘယ်သူမှ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲဝင်မယ့် အသင်း အတွက် အာမခံချက် မရှိပါဘူး။ သူတို့ရဲ့ MNL-2 ပြိုင်ပွဲက ခြေစွမ်းတွေ၊ ကြိုးစားအားထုတ်မှုတွေကို အခြေခံပြီး နောက်ဆုံး လူစာရင်းကို ရွေးချယ်မှာပါ။ လူသစ်တွေလည်း ထပ်အရွေးချယ် ခံရဖို့ ရှိနေပါတယ်။
MNL-2 ပြိုင်ပွဲကို ၀င်ပြိုင်ခွင့် ရတဲ့အပေါ် ဘယ်လိုများ ခံစားရပါသလဲ။ ဒီပြိုင်ပွဲကို ၀င်ပြိုင်ခွင့် ရခဲ့တာကို ကျေနပ်ပါတယ်။ ကျွန်တော့် ကလေးတွေ အတွက် တစ်ကယ့်ကို အခွင့်ထူးပါပဲ။ အသင်းကို တည်ဆောက်ဖို့ အရမ်းကို အထောက်အကူ ပြုမှာပါ။ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု အပြည့်ရှိတဲ့ ပြိုင်ပွဲလို့ ယူဆမိပါတယ်။
မြန်မာ ဘောလုံး ပရိသတ်တွေကို ဘာများ ပြောချင်ပါသေးလဲ။ ကျွန်တော့် အသင်းက ကလေးတွေက အကယ်အမီက လာတဲ့ ကစားသမားတွေပါ။ အတွေ့အကြုံ အရမ်းနုနယ်ကြပါတယ်။ ဒီအသင်းက ပွဲတိုင်းကို နိုင်ချင်မှ နိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ တည်ဆောက်နေဆဲ ဖြစ်လို့ပါ။ ပရိသတ်တွေ အနေနဲ့ ကျွန်တော့် ကလေးတွေ အပေါ်ကို စိတ်ရှည်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ပြီးခဲ့တဲ့ အူဆန်နဲ့ ခြေစမ်းပွဲမှာဆို ပရိသတ်တွေက လှောင်ပြောင်ကြတယ်။ ဒီအပြုအမူဟာ ကျွန်တော့် ကစားသမား လေးတွေကို စိတ်ထိခိုက်စေ ပါတယ်။ မြန်မာ့ဘောလုံး တိုးတက်ဖို့ ဆိုရင် လူငယ်တွေ အများကြီး ပေါ်ထွက်လာဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရှုံးရဲရပါမယ်။ လူငယ်တွေကို သုံးရဲရပါမယ်။ ဒါမှသာ မြန်မာ့ ဘောလုံး လောကကြီး တိုးတက်လာမှာပါ။ ဒါကြောင့်မို့ အားပေးကြပါ။ ဖိအားတော့ မပေးကြဖို့ ပြောချင်ပါတယ်။
|