|
Written by Admin Team
|
|
Monday, 27 August 2012 08:54 |
|
ပရီးမီးယားလိဂ် ပွဲစဉ်(၂) အပြီးတွင် ချယ်လ်ဆီးသည် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှ ဆက်လက် ဦးဆောင်ခွင့် ရခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က ပထမဆုံး နိုင်ပွဲကို ရရှိလာခဲ့သည်။ အာဆင်နယ်မှာမူ (၂)ပွဲဆက် ဂိုးပေါက် ပျောက်နေဆဲဖြစ်ပြီး လီဗာပူးလ်မှာမူ နောက်တန်း၏ စိတ်ပျက်ဖွယ် အမှားများကြောင့် မန်ချက်စတာ စီးတီးနှင့် သရေ ကျသွားသည်။
ချယ်လ်ဆီး (၂ - ၀) နယူးကာဆယ်လ် ယူနိုက်တက် ချယ်လ်ဆီးအသင်းသည် ပွဲစဉ်(၃)ကို ကြိုကစားထားရပြီးနောက် ယခုပွဲပါ အနိုင်ရသည့်နောက် (၃)ပွဲကစား (၃)ပွဲနိုင်ဖြင့် ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်သည်။
ချယ်လ်ဆီးတွင် ဖာနန်ဒိုတောရက်စ်၊ ဟွမ်မာတာ၊ အီဒင်ဟာဇက်၊ ရောလ်မီရာလက်စ်၊ ဂယ်ရီကာဟေးလ်၊ ဒေးဗစ်လုဇ်စသည့် ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာပြီး နယူးကာဆယ်လ်တွင်မူ ပက်ပစ်ဆစ်ဆေး၊ ဒမ်ဘာဘား၊ ဟေတမ် ဘန်အာဖာ၊ ယိုဟန် ကာဘာယီ၊ ဖေဘီယို ကိုလော့စီနီ အစရှိသည့် ကစားသမားများ ပါဝင်လာသည်။ ချယ်လ်ဆီးသည် နယူးကာဆယ်လ်ကို အိမ်ကွင်းတွင် ဖိအားပေး ကစားပြီး ပထမပိုင်း ကတည်းက ဂိုးများ သွင်းယူနိုင်ခဲ့သည်။ ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို (၂၂)မိနစ်တွင် တောရက်စ်ကြောင့် ရရှိသည့် ပင်နယ်တီကို ဟာဇက်က ကန်သွင်းပြီး ရယူခဲ့သည်။ ယင်းသည် ၎င်း၏ ပရီးမီးယားလိဂ် အဖွင့်ဂိုးလည်း ဖြစ်သည်။ ပထမပိုင်း ပြီးခါနီးတွင်မူ ချယ်လ်ဆီးအသင်း လှလှပပ အပေးအယူလုပ်ပြီး ဟာဇက်က တောရက်စ်၏ ပြေးလမ်းထဲ ချပေးလိုက်ရာ စပိန်လက်ရွေးစင် တိုက်စစ်မှူးက အမှားအယွင်းမရှိ ကန်သွင်းသွားခြင်း ဖြစ်သည်။

မန်ချက်စတာယူနိုက်တက် ၃ - ၂ ဖူလ်ဟမ် မန်ယူအသင်းသည် အိုးလ်ထရက်ဖို့ဒ်တွင် ကစားသည့် ပွဲစဉ်တွင် အဖွင့်ဂိုး ပေးလိုက်ရသော်လည်း အနိုင်ဂိုးများ ပြန်လည် ရရှိခဲ့ပြီးနောက် (၃)မှတ်အပြည့် ရရှိခဲ့သည်။
မန်ယူအသင်းတွင် ရှင်ဂျီကာဂါဝါ၊ ရော်ဘင်ဗန်ပါစီ၊ အက်ရှ်လေယန်း၊ အန်ဒါဆန်၊ တွမ်ကလီဗာလေ၊ နီမန်ဂျာဗီဒစ် အစရှိသည့် ကစားသမားများ ပွဲထွက်ခဲ့သလို ဖူလ်ဟမ်တွင် ဒါမီယန်ဒပ်ဖ်၊ မူဆာဒမ်ဘီလီ၊ မိုဟာမေဒီ ဒီယာရာ၊ အေရွန်ဟုဂ်ျ အစရှိသော ကစားသမားများ ပါဝင်လာခဲ့သည်။ ပွဲအစ (၃)မိနစ် ကတည်းက ဘရိုင်ယန်ရုဇ် ချပေးလိုက်သည်ကို ဒပ်ဖ်က ပိတ်သွင်းပြီး ဖူလ်ဟမ်တို့ ဦးဆောင်သည်။ (၁၀)မိနစ်တွင်မူ ပက်ထရစ် အီဗရာ ဘယ်ခြမ်းမှ ဖြတ်ပို့သော ဘောလုံးအား ဗန်ပါစီက လှလှပပ ကန်သွင်းပြီး မန်ယူအတွက် ပွဲဦးထွက် ဂိုးကို ရယူပေးခဲ့သည်။ (၃၆)မိနစ်တွင် ကလီဗာလေ ကန်သွင်းရာမှ လျှံထွက်လာသော ဘောလုံးကို ကာဂါဝါက ပိတ်သွင်းပြီး မန်ယူတို့ ဦးဆောင်သည်။ (၄၁)မိနစ်တွင် ယန်းထံမှ ဖြတ်တင်ပေးလိုက်သော ဘောလုံးကို ရာဖေးလ် ဒါဆေးလ်ဗားက ခေါင်းတိုက်ပြီး မန်ယူတို့ တတိယဂိုး ရရှိသည်။ ဖူလ်ဟမ်အတွက် ဒုတိယဂိုးမှာမူ မန်ယူဂိုးသမား ဒေးဗစ်ဒီဂီယာနှင့် ဗီဒစ်တို့ နားလည်မှု လွဲရာမှတစ်ဆင့် ဗီဒစ်နှင့်ထိပြီး ဂိုးဝင်သွားခဲ့သည်။ ယခုပွဲတွင် မန်ယူအသင်းအတွက် လူစားဝင်ရောက်ခဲ့သည့် ဝိန်းရွန်နီ၏ ခြေထောက်တွင် စုတ်ပြဲဒဏ်ရာ ရခဲ့သဖြင့် (၄)ပတ်မျှ အနားယူရတော့မည် ဖြစ်သည်။
 စတုတ်ခ်စီးတီး ၀ - ၀ အာဆင်နယ် အာဆင်နယ် အသင်းသည် အဖွင့်ပွဲစဉ်တွင် အိမ်ကွင်း၌ ဆန်းဒါးလန်းကို ဂိုးမရှိ သရေကျခဲ့သလို ယခုပွဲစဉ်တွင်လည်း အဝေးကွင်း၌ ဂိုးမသွင်းနိုင်သေးဘဲ သရေသာ ကစားနိုင်ခဲ့သည်။
စတုတ်ခ်တွင် ပီတာခရော့ခ်ျ၊ ဂျာမိန်းပန်နန့်၊ ရောဘတ်ဟုသ်၊ ရိုင်ယန် ရှောခရော့စ်စသည့် ကစားသမားများ ပါဝင်ခဲ့သလို အာဆင်နယ် အသင်းတွင်လည်း အိုလီဗီရာဂီရော့ဒ်၊ လူးကက်စ် ပိုဒေါ့စကီး၊ ဆန်တီကာဇိုလာ၊ မိုက်ကယ် အာတီတာ၊ ပါးမာတီဆက်ကာ အစရှိသည့် ကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။ ယခုပွဲတွင် အာဆင်နယ်သည် ကွင်းလယ်လူ ကာဇိုလာ၏ ဖန်တီးမှု စွမ်းရည်ကို အားပြု တိုက်စစ်ဆင်ခဲ့ပြီး စတုတ်ခ်ကလည်း မာကျောမှုဖြင့် တုံ့ပြန်သွားခဲ့သည်။ ပွဲချိန် (၉)မိနစ်တွင် စတုတ်ခ်နောက်တန်း အမှားမှတစ်ဆင့် ဂီရော့ဒ်က ပိုဒေါ့စကီးကို ဖန်တီးပေးသော်လည်း အသုံးမချနိုင်ခဲ့ချေ။ (၃၄)မိနစ်တွင် ကာဇိုလာ၏ ကန်ချက်ကို စတုတ်ခ် ဂိုးသမား အက်စ်မာဘီဂိုဗစ် ကာကွယ်ခဲ့ရသည်။ (၅၈)မိနစ်တွင် ပင်နန့်ကို အာဆင်နယ် ခံစစ်မှူး ကီရင်ဂစ်ဘ် ဧရိယာအတွင်း တွန်းလှဲခဲ့သော်လည်း ဒိုင်က ပင်နယ်တီ သတ်မှတ်မပေးခဲ့ချေ။ ပွဲပြီးခါနီးတွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် အာဆင်နယ် တိုက်စစ်ဆင်လာပြီး ဂီရော့ဒ်က ဘီဂိုဗစ်အား ကျော်ကန်ဂိုးသွင်းရန် ကြိုးစားခဲ့သော်လည်း ဘားပေါ်ကပ်ကျော်သွားသဖြင့် ဂိုးမရှိ သရေဖြင့်သာ ပွဲပြီးခဲ့သည်။
 လီဗာပူးလ် ၂ - ၂ မန်ချက်စတာစီးတီး Super Sunday၏ စိတ်ဝင်စားစရာ အကောင်းဆုံးသော ပွဲစဉ်တွင် လီဗာပူးလ်သည် နောက်ခံလူများ၏ စိတ်ပျက်ဖွယ် အမှားကြောင့် အနိုင်(၃)မှတ်ကို လက်လွှတ်ခဲ့ရသည်။
အိမ်ရှင် လီဗာပူးလ်သည် လူးဝစ်ဆွာရက်ဇ်၊ ဖေဘီယို ဘော်ရီနီ၊ စတီဗင်ဂျရတ်၊ ဂျိုးအလန်၊ မာတင်စကာတယ်လ်၊ မာတင်ကယ်လီ အစရှိသော ကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။ လက်ရှိချန်ပီယံ မန်စီးတီးတွင်မူ မာရီယို ဘာလော့တယ်လီ၊ ကားလို့စ်တီဗက်ဇ်၊ ဆမ်မီနာဆရီ၊ နီဂယ်လ်ဒီဂျောင်၊ ယာယာတိုရေး အစရှိသည့် ကစားသမားများ ပါဝင်လာသည်။ လီဗာပူးလ်အတွက် အဖွင့်ဂိုးကို ပွဲချိန် (၃၄)မိနစ်တွင် ဂျရတ်ကန်တင်ပေးသော ထောင့်ကန်ဘောကို စကာတယ်လ်က တိကျသေသပ်သော ခေါင်းတိုက်ချက်ဖြင့် သွင်းယူခဲ့သည်။ (၆၄)မိနစ်တွင် မန်စီးတီး ညာခြမ်းမှ တီဗက်ဇ် ဆွဲပြေးပြီး ကန်တင်ပေးသည့် ဘောလုံးကို ကယ်လီက ထိန်းယူရန် ကြိုးစားမှု မသေသပ်သဖြင့် တိုရေးရှေ့ တည့်တည့်ကျသွားပြီး ၎င်းက ပတ်ကန်ကာ ချေပဂိုး ရယူခဲ့သည်။ နောက်(၃)မိနစ် အကြာတွင် ဆွာရက်ဇ်က ပြစ်ဒဏ်ဘောမှတစ်ဆင့် ဝေ့ဝိုက်ကန်သွင်းကာ လှလှပပ ဦးဆောင်ဂိုး သွင်းယူပြန်သည်။ သို့သော်လည်း မိနစ်(၈၀)တွင် စကာတယ်လ် နောက်ပြန်ပေးသည့် ဘောလုံးကို တီဗက်ဇ်က ကြားဖြတ်ယူကာ လီဗာပူးလ် ဂိုးသမား ရေနာကိုပါ ကျော်ဖြတ်ပြီး ကန်သွင်းသွားသဖြင့် (၂-၂)ဖြင့် ပွဲပြီးခဲ့သည်။
အခြားပွဲစဉ် ရလဒ်များ ဆွမ်ဆီး ၃ - ၀ ဝက်စ်ဟမ်းယူနိုက်တက် အက်စ်တန်ဗီလာ ၁ - ၃ အဲဗာတန် နောဝှစ်ခ်ျ ၁ - ၁ QPR ဆောက်သမ်တန် ၀ - ၂ ဝီဂန် တော့တင်ဟမ် ဟော့စပါး ၁ - ၁ ဝက်စ်ဘရွန်းဝစ်ခ်ျ Ref: Eurosport
|