Menu
A+ A A-

ဖူဟမ်၏ နိုင်ပွဲအတွက် အသင်းပိုင်ရှင် ဝမ်းမြောက်နေဟု မာတင်ဂျိုးလ် ပြောကြား

  • Written by Admin Team
  • Category: EPL
  • Hits: 767

တနင်္လာနေ့က ခရစ္စတယ် ပဲလေ့စ်ကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင် ရခဲ့ပြီးနောက် ဖူဟမ် အသင်းပိုင်ရှင် ဝမ်းမြောက်နေကြောင်း အသင်း မန်နေဂျာ မာတင်ဂျိုးလ်က ပြောကြားလိုက်သည်။

ဇူလိုင်လက ဖူဟမ်ကို ပေါင် သန်း ၁၅၀ ဖြင့် ဝယ်ယူခဲ့သည့် ခန်းသည် ခရစ္စတယ် ပဲလေ့စ်ကို အနိုင် ရခဲ့သည့် ပွဲစဉ်၌ အသင်း၏ ခြေစွမ်းကို လာရောက် ကြည့်ရှုခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်က ဦးဆောင် ကစားခဲ့သော်လည်း ဖူဟမ်က ကာဆာမီ၊ ဆစ်ဒ်ဝဲလ်၊ ဘာဘာတော့ဗ်၊ ဆန်းဒရို့စ် တို့၏ သွင်းဂိုးများဖြင့် အနိုင် ရရှိခဲ့သည်။

“အသင်းရဲ့အနိုင်ရလဒ်အတွက် ခန်း အလွန် ဝမ်းမြောက် နေပါတယ်။ ကျွန်တော်တို့ အသင်း စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးနဲ့ ကစားနိုင်ခဲ့တယ်လို့ သူ ပြောခဲ့ပါတယ်” ဟု ဂျိုးလ်က ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။

ဖူဟမ်သည် ခရစ္စတယ်ပဲလေ့စ်ကို အနိုင် ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာသို့ ရောက်ရှိလာခဲ့ပြီး လက်ရှိ ချန်ပီယံ မန်ချက်စတာယူနိုက်တက်နှင့် တစ်မှတ်သာ ကွာဟလျက် ရှိသည်။

ဖူဟမ်သည် ပရီးမီးယားလိဂ် ပွဲစဉ် ၉ အဖြစ် လာမည့် စနေနေ့တွင် ဆောက်သမ်တန်နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်ကို အာရုံကြော ဝေဒနာ ခံစားနေရသည့် နော်ဝေ ကစားသမား ဟန်ဂယ်လန် မပါဝင်ဘဲ ကစားရဖွယ်ရှိကြောင်း ဂျိုးလ်က ဆိုခဲ့သည်။

“သူဟာ ဖနောင့်ရဲ့ တင်ပါးရိုး အာရုံကြော ဒဏ်ရာ ရရှိနေပါတယ်။ သူဟာ နော်ဝေနဲ့ နှစ်ပွဲ ကစားခဲ့တာကြောင့် ရာနှုန်းပြည့် ကြံ့ခိုင်နေတယ်လို့ ယူဆခဲ့ပေမယ့် ပထမပိုင်းမှာပဲ လူစားလဲခဲ့ရပါတယ်။ ကျွန်တော်ဟာ ဆရာဝန် တစ်ယောက် မဟုတ်ပေမယ့် ဒီ အာရုံကြော ဒဏ်ရာဟာ အတော့်ကို ဒုက္ခပေးတဲ့ ဒဏ်ရာပါ” ဟု ဂျိုးလ်က ပြောကြားသွားခဲ့သည်။
Ref:Goal

Logo Sponsors