|
Written by Admin Team
|
|
Tuesday, 17 April 2012 11:22 |
|
ချန်ပီယံလိဂ် အကြို ဗိုလ်လု ပွဲစဉ်များ မစတင်မီ ချယ်လ်ဆီးနှင့် ဘာစီလိုနာ အသင်းသားများ စကား စစ်ထိုးမှုများ အားကောင်း လာခဲ့သည်။
ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီက မိမိတို့ အသင်းကို ဘာစီလိုနာက စိုးရိမ် နေလိမ့်မည်ဟု ပြောကြားလိုက်သည်။ ၎င်းက (၂၀၀၉)ခုနှစ်တွင် ချယ်လ်ဆီးအား အကြို ဗိုလ်လုပွဲ၌ ချန်ထားခဲ့သည့် ဘာစီလိုနာ အနေဖြင့် ယခုတစ်ကြိမ် အားပြိုင်မှု အတွက် တုန်လှုပ် နေမည်မှာ သေချာကြောင်း ဆိုသည်။ “အဆုံးထိ ကျွန်တော်တို့ ကြိုးစား သွားမှာပါ။ ဘာစီလိုနာနဲ့ ပွဲကတော့ တကယ့်ကို ခက်ထန်ကြမ်းတမ်း ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့မယ် ဆိုရင် ဘာစီလိုနာကို ယှဉ်ကစားနိုင်မှာပါ။ ဘယ်အသင်းက နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေး ပိုသာတယ်ဆိုတာ ပြောလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ဟာ အသင်းကောင်း တစ်ခုပါ။ အထူးသဖြင့် ချန်ပီယံလိဂ် မှာပေါ့။ ဒီအချက်ကို ဘာစီလိုနာကလည်း စိုးရိမ်နေမှာပါ” ဟု တယ်ရီက မှတ်ချက် ပြုခဲ့သည်။
 ချယ်လ်ဆီး တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာ ကလည်း မိမိတို့သည် ဘာစီလိုနာကို အနိုင်ယူကာ (၂၀၀၉)ခုနှစ်က အကြွေးကို ပြန်ဆပ်ရန် အာသီသ ပြင်းပြနေကြောင်း ဆိုသည်။ “(၂၀၀၉) ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ကိစ္စတွေက အပြောင်းအလဲ အများကြီး ဖြစ်ခဲ့ပါပြီ။ ဒါပေမဲ့ ဘာစီလိုနာကို အနိုင်ယူချင်တဲ့ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒက အရင်ကထက်ကို ပိုပိုပြီး ပြင်းထန်လာနေပါတယ်။ ကျွန်တော် ချယ်လ်ဆီးနဲ့ စာချုပ်ခဲ့တာဟာ ဒီလို ပွဲကြီးပွဲကောင်းမျိုး နွှဲချင်လို့ပါ။ ဒီလိုယှဉ်ပြိုင်မှုတွေက ကျွန်တော်တို့ အားလုံးအတွက် စိတ်လှုပ်ရှားမှုကို ဖြစ်စေပါတယ်” ဟု ဒရော့ဂါဘာက သုံးသပ်ခဲ့သည်။ ၎င်းက ဘာစီလိုနာသည် ချယ်လ်ဆီးထက် ဗိုလ်လုပွဲနှင့် ပိုမိုနီးစပ်သည်ဟု ယူဆနိုင်စရာ မရှိဟုလည်း ပြောကြားသွားသည်။ “ဒီပွဲကတော့ (၅၀-၅၀)ပဲ ဖြစ်မှာပါ။ သူတို့ကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ အသင့် ဖြစ်နေပြီလေ” ဟု ဒရော့ဂ်ဘာက ဆိုသည်။
ဘာစီလိုနာ ကွင်းလယ်လူ ဇာဗီ ဟာနန်ဒက်ဇ်ကမူ ချယ်လ်ဆီးနှင့် ရင်ဆိုင်မည့် အသင်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး အသင်း ဖြစ်နေကြောင်း သတင်းထောက် များအား ပြောဆိုကာ ချယ်လ်ဆီးကို သွယ်ဝိုက် သတိပေးလိုက်သည်။ “ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်ကြီး ပိုင်ဆိုင်ထားတာပါ။ ဒီခေါင်းစဉ်ဟာ ကျွန်တော်တို့ဖာသာ တပ်ထားတာ မဟုတ်ဘူးနော်။ ကွင်းထဲရောက်ရင် ကျွန်တော်တို့ ကစားပြတဲ့ အဆင့်အတန်းကြောင့် သူ့အလိုလို ရလာခဲ့တာ” ဟု ဇာဗီက ဆိုသည်။ ၎င်းက ချယ်လ်ဆီးကို ကျော်ဖြတ်ပြီး ဥရောပ ချန်ပီယံဆုကို ဆက်ထိန်းထားရန်လည်း ဘာစီလိုနာ တစ်သင်းလုံး အသင့် ရှိနေပြီဟု ပြောကြားလိုက်သည်။
ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်ကြီး ပိုင်ဆိုင်ထားတာပါ။ ဒီခေါင်းစဉ်ဟာ ကျွန်တော်တို့ဖာသာ တပ်ထားတာ မဟုတ်ဘူးနော်။ ကွင်းထဲရောက်ရင် ကျွန်တော်တို့ ကစားပြတဲ့ အဆင့်အတန်းကြောင့် သူ့အလိုလို ရလာခဲ့တာ...“ကျွန်တော်တို့ အသင်းဟာ ရပ်တန့်မသွားဘူး။ ရပ်တန့်သွားဖို့လည်း ဆန္ဒမရှိဘူး။ ဒီခံယူချက်ဟာ ကစားသမားတွေရော၊ အသင်းကို အားပေး ထောက်ခံသူတွေဆီမှာပါ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့ချန်ပီယံဆုကို နှစ်ကြိမ်ရယူပြီး ရွှေခေတ်တစ်ခုကို ဖြတ်သန်း နေပါတယ်။ ခုချိန်မှာ ဥရောပ ချန်ပီယံဆုကို ဆွတ်ခူးဖို့ ဘယ်ပြိုင်ဘက်ကိုမဆို ကျော်ဖြတ်ဖို့ အသင့်ပါပဲ။ ဘာစီလိုနာဟာ ပါရမီ၊ ခွန်အား၊ ခံယူချက်၊ စူးစိုက်မှု၊ တက်ကြွမှုတွေအပြင် ဂုဏ်ယူဝံ့ကြွားမှုနဲ့ပါ ပေါင်းစပ်ထားတဲ့ အသင်းပါ” ဟု ဇာဗီက ပြောဆိုသွားခဲ့သည်။ ချယ်လ်ဆီးနှင့် ဘာစီလိုနာတို့သည် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ဧပြီ (၁၈)ရက်နေ့တွင် စတန်းဖို့ဒ်ဘရစ်ခ်ျ၌ ရင်ဆိုင်ကြရမည် ဖြစ်သည်။
Ref: The Sun
|