|
Written by Admin Team
|
|
Monday, 19 March 2012 13:17 |
|
ပရီးမီးယားလိဂ် ဆုဖလားသည် ယခု ရာသီတွင် အိုးလ်ထရက်ဖို့ဒ်မှ နေရာ ရွေ့စရာ အကြောင်း မရှိဟု အီယန်ရိုက်က သုံးသပ်လိုက်သည်။
The Sun တွင် ဘောလုံးရေးရာ ဆောင်းပါးများ ရေးသားနေသည့် အာဆင်နယ် ဂန္ထ၀င် ကစားသမားဟောင်းကြီးက ငွေကြေး အလုံးအရင်း သုံးစွဲ ထားသည့် မန်ချက်စတာ စီးတီးသည် ၎င်းတို့၏ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ကျော်တက် နိုင်လိမ့်မည် မဟုတ်ဟု အခိုင်အမာ ယုံကြည်ထားသည်။ The Sun နှင့် အင်တာဗျူးတွင် ရိုက်က “မန်စီးတီးဟာ ချန်ပီယံဆုအတွက် ကြိုးစားဖို့ လုံလောက်တဲ့ အတွေ့အကြုံ မရှိပါဘူး။ သူတို့မှာ တကယ့် ကွာလတီ ကစားသမားတွေ ရှိနေတယ်။ ဒါပေမဲ့ သူတို့ဟာ ပြေးလမ်းတစ်ခုမှာ ဘယ်လို အကောင်းဆုံး ဖြတ်သန်းရမယ်ဆိုတာ မသိဘူး။ ဒီအချက်က မန်ယူနဲ့ ကွာလွန်းတယ်” ဟု ပြောကြားခဲ့သည်။
 ၎င်းက ဆက်လက်၍ “မန်စီးတီးဟာ အလှည့်အပြောင်းတွေကို ဖန်တီးနိုင်တဲ့ အသင်းပါ။ ဒါပေမဲ့ မန်ယူက အဲဒီနေရာမှ အံတိုနေပြီ။ မန်ယူဟာ ပွဲတစ်ပွဲကို အရမ်းညံ့တဲ့ ခြေစွမ်းနဲ့ ကစားကောင်း ကစား သွားပါလိမ့်မယ်၊ အချိန်တန်ရင် မိနစ်(၉၀)မှာ (၁-၀)နဲ့ နိုင်ဖို့ ကစားတတ်တယ်။ လူတွေက လက်ရှိ မန်ယူဟာ အကောင်းဆုံး အသင်း မဟုတ်ဘူးလို့ ပြောကောင်းပြောမယ်။ ဒါပေမဲ့ သူတို့ဟာ ထိပ်ဆုံးမှာလေ။ မန်ယူဟာ သူတို့ရဲ့ နေရာ အမှန်ကို လုံခြုံအောင် ထိန်းသိမ်း သွားလိမ့်မယ်” ဟုလည်း မှတ်ချက် ပြုသွားသည်။
မန်ယူဟာ ပွဲတစ်ပွဲကို အရမ်းညံ့တဲ့ ခြေစွမ်းနဲ့ ကစားကောင်း ကစား သွားပါလိမ့်မယ်၊ အချိန်တန်ရင် မိနစ်(၉၀)မှာ (၁-၀)နဲ့ နိုင်ဖို့ ကစားတတ်တယ်... ၎င်းက မန်စီးတီးတွင် ကားလို့စ် တီဗက်ဇ် ပြန်ကစားနိုင်မယ့် အနေအထားသည် တိုးတက်မှု တစ်ခုအဖြစ် ရှုမြင် နိုင်သော်လည်း အကယ်၍ ယခုအချိန်တွင် လောင်းခွင့်ရပါက မိမိ၏ ငွေကြေးကို အနီရောင် တပ်ဖွဲ့ အတွက်သာ ပုံအောမည်ဟုလည်း ဆိုသည်။ “ကျွန်တော့် ငွေတွေကို မန်ယူဘက်ကပဲ လောင်းချင်တယ်။ ရိုးရိုးလေးပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ ဒီအခြေအနေမျိုးတွေမှာ အရင်ကလည်း အောင်ပွဲခံပြီးပြီ။ မန်ယူဟာ ခဏခဏ ခြေချော်တာမျိုး အရမ်းဖြစ်နိုင်ခြေ နည်းတဲ့ အသင်းပါ။ တကယ်လို့ ကျွန်တော့်ထက် ပိုပြီး တွေးတတ်တယ် ဆိုရင်တော့ သူတို့နဲ့ ဆန့်ကျင်ဘက်က လောင်းရဲရင် လောင်းကြည့်လိုက်ပေါ့ဗျာ” ဟုလည်း ရိုက်က ပြောဆိုသွားသည်။ Ref: The Sun
|