|
Written by Manu Mania
|
|
Saturday, 25 February 2012 15:45 |
|
တကယ်တော့ ကိုယ် မသိမမီလိုက်တဲ့ ခေတ်ဟောင်း ဘောလုံးသမားတွေ ဆိုတာ ကျွန်တော်တို့နဲ့ အလှမ်းဝေးတဲ့၊ မရင်းနှီးတဲ့ နယ်ပယ် တစ်ခုမှာပဲ ရှိနေခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့နဲ့ ပတ်သက်တဲ့ ထူးထူးခြားခြား အကြောင်းအရာတွေကတော့ ကျွန်တော်တို့ရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်လေ့ ရှိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ခေတ်ဟောင်း ဘောလုံးသမား တစ်ယောက် အကြောင်းကို ကျွန်တော် အချက်အလက်ရှာပြီး Soccer Myanmar ၀က်ဘ်ဆိုက်မှာ ဘာသာ ပြန်ခဲ့ဖူးပါတယ်။ မန်ချက်စတာ ယူနိုက်တက်အတွက် ကစားပေးခဲ့တဲ့ မြန်မာပြည်ပေါက် ဘောလုံးသမား တစ်ယောက်ရဲ့ အကြောင်းကို “အိုးလ်ထရက်ဖို့ဒ်ရဲ့ ပထမဆုံး အာရှကြယ်”ဆိုတဲ့ နာမည်နဲ့ ရေးခဲ့တာပါ။ ခုတစ်ခါမှာတော့ ကျွန်တော် စိတ်ဝင်စားမိတဲ့ ဘာစီလိုနာ ကြယ်ပွင့်ဟောင်း တစ်ယောက်အကြောင်း ရေးကြည့်ချင်ပါသေးတယ်။
Soccer Myanmar က ထုတ်တဲ့ ဘောလုံး ဂျာနယ်မှာ ပေါ်လင်နို အယ်လ်ကန်ထရာရဲ့ အကြောင်းကို ပထမဆုံး ဖတ်ခဲ့ဖူးပါတယ်။ ဂျာနယ်မှာ အကျဉ်းလောက်ပဲ ရေးထားတာ ဖြစ်ပေမယ့် သူ့ရဲ့ ဘ၀ဟာ ထူးထူးခြားခြားလေးတွေ ရှိခဲ့တာကို ကျွန်တော် သတိ ထားခဲ့မိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာ FIFAရဲ့ တရားဝင် ၀က်ဘ်ဆိုက်မှာ အယ်လ်ကန်ထရာ အကြောင်း အမှတ်တရ ဂုဏ်ပြု သတင်းလေး တစ်ပုဒ် တင်ထားတာကို တွေ့မိတော့ သူ့အကြောင်း ရေးချင်စိတ် ပေါ်လာမိပါတယ်။ အယ်လ်ကန်ထရာ ကစားပုံကို ကျွန်တော် မမြင်ဖူးပါဘူး။ ဒါကြောင့် သူနဲ့ ပတ်သက်ပြီး အချက်အလက် အားလုံးဟာ ဘာသာပြန်မှုကိုပဲ အခြေခံပြီး ကြိုးစား ရေးထားခဲ့ပါတယ်။
 ဒီနေ့ခေတ်မှာ လီယွန်နယ် မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား တစ်ယောက်ဆိုတာ ငြင်းပယ်လို့ မဖြစ်နိုင်ပါဘူး။ သူဟာ ဘာစီလိုနာမှာပဲ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ကို ဖြတ်သန်းရင်း (၂၂၂)ဂိုး သွင်းပေး ထားပါတယ်။ သူ့ရဲ့ အသက်အရွယ်ဟာ ငယ်သေးတာကြောင့် နောက်ထပ် သွင်းဂိုးတွေ အများကြီးကို မျှော်လင့်နိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီအာဂျင်တီးနား ဘောလုံး ကဝေလေး အနေနဲ့ တစ်ချိန်က အာရှသား ကြယ်ပွင့်တစ်ယောက် ဘာစီလိုနာ အတွက် သွင်းပေးထားတဲ့ ဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ဖို့ ဆိုတာကတော့ သိပ်ကို ခက်ခဲမှာ အမှန်ပါပဲ။ ဖိလစ်ပိုင်သား အယ်လ်ကန်ထရာဟာ (ခြေစမ်းပွဲတွေ အပါအ၀င်) ဘာစီလိုနာအတွက် (၃၅၇)ပွဲ ကစားပြီး (၃၅၇)ဂိုး သွင်းပေးထားပါတယ်။ ပြိုင်ပွဲတွေရဲ့ အဆင့်အတန်းချင်း မတူတာကြောင့် အယ်လ်ကန်ထရာဟာ မက်ဆီထက် ပိုကောင်းတယ်လို့ နှိုင်းယှဉ်ပြီး ပြောဖို့တော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ သူဟာ ဘာစီလိုနာရဲ့ မော်ကွန်းမှတ်တမ်းမှာ ဘယ်တော့မှ ပျောက်ကွယ်မသွားတဲ့ ပါရမီရှင် တစ်ယောက်အဖြစ် ထာဝရ တည်တံ့ နေမှာတော့ သေချာပါတယ်။
(၁၅)နှစ်၊ ပွဲဦးထွက်၊ Hat-Trick သူ့အသက် (၁၅)နှစ်ပဲ ရှိပါသေးတယ်။ တိတိကျကျ ပြောရရင်တော့ အသက်(၁၅)နှစ်၊ (၄)လနဲ့ (၁၈)ရက်ပါ။ ကာတာလန် ဒေသရဲ့ ကာတာလူနာ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဘာစီလိုနာဟာ အာရှသားလေး တစ်ယောက်ကို ပရိသတ်တွေရှေ့ ပွဲထုတ်ပေးလိုက်ပါတယ်။ (၁၉၁၂)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့က ကက်တလာ အသင်းနဲ့ ကစားတဲ့ပွဲမှာ ဘာစီလိုနာက (၉-၀)နဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြီး အယ်လ်ကန်ထရာက Hat-Trick ရခဲ့ပါတယ်။ ဒါဟာ ဘာစီလိုနာ အသင်းရဲ့ သမိုင်းမှာ ထာဝရ ဂိုးသွင်း အများဆုံး စံချိန်ရှင် အဖြစ် ရပ်တည်ဖို့ အယ်လ်ကန်ထရာရဲ့ ပထမဆုံး ခြေလှမ်းပါပဲ။ ဒီခြေလှမ်းကို ဒီနေ့ကနေ နောက်ပြန် ရေတွက်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀)တိတိက အယ်လ်ကန်ထရာ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဥရောပ အခြေစိုက် ပထမဆုံး အာရှသား အယ်လ်ကန်ထရာကို (၁၈၉၆)ခုနှစ်၊ အောက်တိုဘာ (၇)ရက်နေ့မှာ ဖိလစ်ပိုင် နိုင်ငံမှာ မွေးခဲ့ပါတယ်။ သူ့အဖေကတော့ ဖိလစ်ပိုင်မှာ တာဝန် ထမ်းဆောင်နေတဲ့ စပိန် စစ်တပ်က အရာရှိ တစ်ယောက် ဖြစ်ပြီး အမေကတော့ ဖိလစ်ပိုင်သူပါ။ ဒါကြောင့် သူဟာ ဖိလစ်ပိုင် နိုင်ငံသား အဖြစ်ပဲ စာရင်း ၀င်ခဲ့ပါတယ်။ နောက်တော့ အယ်လ်ကန်ထရာဟာ မိသားစုနဲ့အတူ စပိန်မြေကို ပြောင်းရွှေ့လာပြီး ဂလီနို အသင်းမှာ ကစား နေခဲ့တယ်။ အယ်လ်ကန်ထရာရဲ့ ဘုန်းမီးနေလ တောက်ပမယ့် နေ့ရက်တွေကို သမိုင်းသစ် ရေးထိုးစေခဲ့တာကတော့ ဂျိုအန်ဂမ်ပါပဲ ဖြစ်ပါတယ်။ ဘာစီလိုနာကို ထူထောင်ခဲ့သူ အသင်း ဥက္ကဋ္ဌ ဂမ်ပါဟာ တောက်မယ့်မီးခဲ တရဲရဲဖြစ်နေတဲ့ ကစားသမားလေးကို ဘာစီလိုနာအတွက် စာချုပ် ခေါ်ယူ ခဲ့ပါတယ်။ ဒါကြောင့် အရှေ့တောင် အာရှ ဒေသရဲ့ ဘောလုံးသမားလေးဟာ ဥရောပမှာ အခြေစိုက်တဲ့ ပထမဆုံး အာရှတိုက်သား ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် မှတ်တမ်း တစ်ခုကို ရေးထိုး နိုင်ခဲ့ပါတော့တယ်။
စပိန် လက်ရွေးစင် အဖြစ် ကစားတော့ ကိုက်(၃၀)အကွာက လှမ်းကန်တာတောင် ပြင်သစ်ဂိုးပိုက်ကို ပေါက်သွားစေခဲ့သူ၊ ဒီအတွက် “ပိုက်ဖောက်သူ”လို့ ချစ်စနိုး နာမည်ပြောင် ပေးခံရတဲ့သူ...
ဖိလစ်ပိုင်သို့ အပြန်ခရီး အစောပိုင်း ကာလတွေမှာ အယ်လ်ကန်ထရာဟာ ဘာစီလိုနာ အတွက် ဆုဖလား တချို့ ရယူ ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ (၁၉၁၆)ခုနှစ်မှာတော့ သူချစ်မြတ်နိုးတဲ့ ကာတာလန် အခြေစိုက် ကလပ် အသင်းကြီးကို ခွဲခွာဖို့ အကြောင်း ဖန်လာခဲ့တယ်။ ဖခင်ဖြစ်သူနဲ့ အတူ ဖိလစ်ပိုင်ကို ပြန်လိုက်သွားတဲ့နောက် အယ်လန်ထရာဟာ ဖိလစ်ပိုင်က ဘိုဟီမီယန် စပို့တင်း အသင်းမှာ ၀င်ကစားခဲ့တယ်။ ခြေထောက်မှာ အောင်ပွဲရဲ့ ၀ိသေသတွေ အလိုလို ကွန့်မြူးနေတဲ့ အယ်လ်ကန်ထရာဟာ ဘိုဟီမီယန် စပို့တင်းကိုလည်း ပြည်တွင်း ချန်ပီယံ နှစ်ကြိမ်ဖြစ်အောင် အစွမ်း ပြခဲ့ပါတယ်။ (၁၉၁၇)ခုနှစ်နဲ့ (၁၉၁၈)ခုနှစ်တွေမှာပါ။ သူ့ရဲ့ တန်ဖိုးဟာ ဘယ်လောက် ပေါ်လွင်ခဲ့သလဲ ဆိုရင် အယ်လ်ကန်ထရာ မရှိတဲ့ ကာလတွေမှာ ဘာစီလိုနာရဲ့ ဆုဖလား ပြတိုက်မှာ ဘာဆုတံဆိပ်၊ ဘာဆုဖလားမှ အသစ်တိုးမလာခဲ့တာက သက်သေပါပဲ။
ချစ်သော ဘာစီလိုနာသို့ (၁၉၁၉)ခုနှစ်မှာတော့ သူဟာ စပိန်ကိုပြန်ဖို့ အကြောင်း ဖန်လာတယ်။ ဖိလစ်ပိုင်မှာ ငှက်ဖျား ဝေဒနာ ခံစားရတဲ့ အတွက် မိဘတွေက အယ်လ်ကန်ထရာကို စပိန်ပြန်ပြီး အနား ယူစေခဲ့ပါတယ်။ သင်္ဘောဆိပ်က ဆင်းတာနဲ့ သူဟာ အထုပ်အပိုး ချပြီး သူချစ်မြတ်နိုးတဲ့ အသင်းဆီ တန်းနေအောင် ပြေးတော့တာပါပဲ။ သူ့ကို ကမ့်ဒီလာ အင်ဒက်စထရီရာ (အဲဒီခေတ်က ဘာစီလိုနာ အိမ်ကွင်း)က အသင်းဖော်ဟောင်းတွေနဲ့ နည်းပြ ဂျက်ဂရင်းဝဲလ်တို့ကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြပါတယ်။ ဒါပေမဲ့ ဘာစီလိုနာ အတွက် သူတစ်ကျော့ပြန် ကစားချိန်မှာ နည်းပြက ခံစစ်သမား အဖြစ် စမ်းသပ် သုံးစွဲခဲ့တာကြောင့် တော်တော်လေး အခက်ကြုံခဲ့ရသေးတယ်။ သိပ်မကြာခင်မှာပဲ အယ်လ်ကန်ထရာဟာ မွေးရာပါ တိုက်စစ်ဗီဇ ထက်သန်သူ တစ်ယောက်ဆိုတာ သိသွားတဲ့ ဂရင်းဝဲလ်ဟာ သူ့ကို နေရာမှန် ပြန်ပို့ခဲ့သလို သူပြန်ရောက်ပြီး တစ်နှစ်အတွင်းမှာတင် ဘာစီလိုနာကလည်း စပိန် ဘုရင့်ဖလားကို ဆွတ်ခူး သိမ်းယူနိုင်ခဲ့တယ်။ အယ်လ်ကန်ထရာနဲ့ အတူ ရီကာဒို ဇာမိုရာ၊ ဂျိုးဆက် ဆာမီတီရာ၊ ဖီးလစ် ဆီဆူမာဂါတို့လို ကစားသမားတွေကြောင့် တောင့်တင်းနေတဲ့ အသင်းဟာလည်း ဆုဖလားတွေ ဆက်တိုက် သိမ်းယူရင်း ပထမမြောက် ဘာစီလိုနာ ရွှေခေတ်ကို ထူထောင် နိုင်ခဲ့ပါတယ်။
ဖိလစ်ပိုင် လက်ရွေးစင်၊ နောက်ပြီး စပိန် လက်ရွေးစင် အယ်လ်ကန်ထရာဟာ ဖိလစ်ပိုင်ကို ပြန်သွားတဲ့ အချိန် (၁၉၁၇)ခုနှစ်တုန်းက လက်ရွေးစင် အဖြစ် ပါဝင်ခဲ့သူပါ။ သူဟာ တိုကျိုမှာ ကျင်းပတဲ့ အရှေ့ဖျား ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲကို ဖိလစ်ပိုင် ကိုယ်စားပြုပြီး ၀င်ကစားခဲ့ပါတယ်။ သူပါဝင်တဲ့ ဖိလစ်ပိုင်ဟာ ဂျပန်ကို (၁၅-၂)နဲ့ အနိုင် ရခဲ့ပြီး အဲဒီရလဒ်ဟာ ခုချိန်ထိ ဖိလစ်ပိုင် ဘောလုံး အသင်းရဲ့ နိုင်ငံတကာ အဆင့် အကြီးကျယ်ဆုံး နိုင်ပွဲအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ (၁၉၂၀)မှာတော့ အယ်လ်ကန်ထရာဟာ ဘာစီလိုနာ အသင်းဖော် ဇာမိုရာ၊ ဆီမီတီရာ၊ ဆီဆူမာဂါတို့နဲ့ အတူ အိုလံပစ် ပြိုင်ပွဲဝင်မယ့် စပိန် လက်ရွေးစင် အဖြစ် ရွေးချယ် ခံရပါတယ်။ ဒါပေမဲ့ အိုလံပစ်ပွဲ အတွက် ၀င်ကစားဖို့ သူ့မှာ ကံမပါခဲ့ရှာဘူး။ အဲဒီတုန်းက ဆေးကျောင်း တက်နေတဲ့ အယ်လ်ကန်ထရာဟာ စာမေးပွဲ အတွက်ပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်ပြီး စပိန်လက်ရွေးစင် ဂျာစီကို ငြင်းခဲ့ပါတယ်။ (၁၉၂၁)ခုနှစ်၊ အောက်တိုဘာ (၇)ရက်နေ့ကျမှ အယ်လ်ကန်ထရာဟာ စပိန်အတွက် ပွဲဦးထွက်နိုင်ခဲ့တယ်။ သူ့အသက် (၂၅)နှစ်မှာ ဘယ်လ်ဂျီယံနဲ့ ကစားတာ ဖြစ်ပြီး (၂-၀)နဲ့ အနိုင်ပွဲ အတွက် တစ်ယောက်တည်း ဒိုင်ခံ ဂိုးသွင်းခဲ့ပါတယ်။ အယ်လ်ကန်ထရာဟာ (၁၉၂၁) ခုနှစ်ကနေ (၁၉၂၇)ခုနှစ်အတွင်း စပိန်အတွက် (၅)ပွဲကစားပြီး (၆)ဂိုး သွင်းပေးနိုင်ခဲ့တယ်။ သူဟာ ဖိလစ်ပိုင်နဲ့ စပိန်တို့မှာ လက်ရွေးစင် မဖြစ်သေးခင်ကတော့ ကာတာလိုနီးယား ဒေသရဲ့ လက်ရွေးစင် အဖြစ် ကစားခဲ့ပါသေးတယ်။
ဘောလုံး လောကကို စွန့်ခွာခြင်း (၁၉၂၇) ခုနှစ်မှာတော့ အယ်လ်ကန်ထရာဟာ သူအကျွမ်းတ၀င် ရှိလှတဲ့ စိမ်းစိမ်းစိုစို မြက်ခင်းတွေကို ကျောခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူဟာ ဘောလုံးကန် ဖိနပ်တွေကို ချွတ်သိမ်းပြီး နားကြပ်နဲ့ ဆေးသေတ္တာဆီ လက်လှမ်း ခဲ့ပါတယ်။ အယ်လ်ကန်ထရာဟာ သူ့ရဲ့ ဘောလုံးသမား ဘ၀ အလွန် ကာလတွေမှာ ဆရာဝန် အဖြစ် လူနာတွေကို ဆေးဝါး ကုသပေးရန် တန်ဖိုးရှိရှိ ဖြတ်သန်းရင်း အချိန် ကုန်စေခဲ့ပါတယ်။ “ပါရမီရှင်”ဆိုတဲ့ စကားဟာ အယ်လ်ကန်ထရာ အတွက် ထိုက်တန်တဲ့ ညွှန်းဆိုမှု တစ်ခုပါ။ သူဟာ ဘောလုံးကွင်းတွေမှာ ခြေစွမ်း ပြနိုင်သလို စားပွဲတင် တင်းနစ်မှာလည်း လက်စွမ်း ပြနိုင်ခဲ့သူ အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသိအမှတ်ပြု ခံခဲ့ရပါတယ်။ (၁၉၆၄) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာတော့ ကာတာလန်ရဲ့ ကောင်းကင်မှာ ကြယ်တွေ ကြွေခဲ့ပါတယ်။ သူ့အသက် (၆၇)နှစ်မှာ အယ်လ်ကန်ထရာဟာ လူ့လောကကြီးကို မျက်ကွယ်ပြု ကျောခိုင်း သွားရှာပါတော့တယ်။
လီယွန်နယ် မက်ဆီကို ခက်ခဲစေမယ့်သူ အယ်လ်ကန်ထရာ ကစားတာကို ကျွန်တော် ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး။ အဲဒီ အတွက်လည်း အရမ်းနှမြော ၀မ်းနည်းမိပါတယ်။ ခုချိန်မှာတော့ ဖိလစ်ပိုင် ဘောလုံး အဖွဲ့ချုပ်ရဲ့ အဆောက်အအုံ ရှေ့မှာ အယ်လ်ကန်ထရာ ဆိုတဲ့ ဘောလုံးသမားရဲ့ ရုပ်တုဟာ ခန့်ညား ထည်ဝါတဲ့ သမိုင်းကြောင်းတွေကို ပြောပြနေဆဲ ဖြစ်မှာပါ။ စပိန် လက်ရွေးစင် အဖြစ် ကစားတော့ ကိုက်(၃၀)အကွာက လှမ်းကန်တာတောင် ပြင်သစ်ဂိုးပိုက်ကို ပေါက်သွားစေခဲ့သူ၊ ဒီအတွက် “ပိုက်ဖောက်သူ”လို့ ချစ်စနိုး နာမည်ပြောင် ပေးခံရတဲ့သူ၊ ဘောလုံး လောကကို စွန့်ခွာချိန်မှာ ဘာစီလိုနာ အတွက် အဓိက ဆုဖလား (၁၅)လုံးနဲ့ ဖိလစ်ပိုင်ကလပ် ဘိုဟီမီယန် စပို့တင်းကို ဆုဖလား (၂)လုံး ရယူပေးစေသူ ဆိုတဲ့ အယ်လ်ကန်ထရာရဲ့ အမှတ် ရစရာတွေ ဂုဏ်ပုဒ်တွေဟာ ထာဝရ တည်မြဲနေဦးမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအတွက် (၃၀၉)ပွဲမှာ (၂၂၂)ဂိုး သွင်းပေးထားပြီး ဖြစ်ပါတယ်။ သူဟာ ဘာစီလိုနာ အတွက် ဘ၀ တစ်ခုလုံး မြှုပ်နှံရင်း အနာဂတ်မှာလည်း သွင်းဂိုးတွေ အများကြီး ထပ်ရလာ နိုင်ပါသေးတယ်။ ဒါပေမဲ့ ဘာစီလိုနာရဲ့ ထာဝရ ဂိုးသွင်း ဘုရင်ဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ဖို့ ဆိုရင် မက်ဆီ အနေနဲ့ တစ်ချိန်က တောက်ပခဲ့တဲ့ ဖိလစ်ပိုင်သား တစ်ယောက်ကို ကျော်ဖြတ်ရဦးမှာပါ။ ဒါဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို (၃)နှစ်ဆက် ရယူထားတဲ့ ကစားသမားအတွက် ခက်ခဲလွန်းတဲ့ စိန်ခေါ်မှု ဖြစ်နေမှာ အသေအချာပါပဲ။
ဒီနေ့ဟာ (၂၀၁၂)ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၅)ရက်နေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)တိတိက အယ်လ်ကန်ထရာဆိုတဲ့ (၁၅)နှစ်သားလေးဟာ သူ့ရဲ့ စိတ်လှုပ်ရှားစရာ ဘာစီလိုနာ ပွဲဦးထွက်မှာ Hat-Trick သွင်းယူပြီး ဂုဏ်ယူ ၀ံ့ကြွားနေမှာကို ကျွန်တော်တို့ရဲ့ စိတ်ကူးတွေ ဖြန့်ကျက် ခံစားပေးလို့ ရနိုင်မယ် ထင်ပါတယ်။
Fans Talks ဆောင်းပါး ကဏ္ဍသည် ပရိသတ် များမှ ပေးပို့လာသည့် ဆောင်းပါးများအား ပြန်လည် ဖော်ပြ ပေးထားခြင်း ဖြစ်ပြီး Soccer Myanmar ၏ အာဘော် မဟုတ်ပါကြောင်း အသိပေး အပ်ပါသည်။ ရေးသားသူ-Manu Mania
|
|
Last Updated on Saturday, 25 February 2012 16:54 |